【 ပြည်တွင်း 】တရုတ်-မြန်မာသံတမန်ဆက်ဆံရေး (၇၂)နှစ်ပြည့်အထိမ်းအမှတ် ဖန်တီးမှုပြိုင်ပွဲကျင်းပမည်

【 ပြည်တွင်း 】တရုတ်-မြန်မာသံတမန်ဆက်ဆံရေး (၇၂)နှစ်ပြည့်အထိမ်းအမှတ် ဖန်တီးမှုပြိုင်ပွဲကျင်းပမည်

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်တာ (၇၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖန်တီးမှုပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
 
အဆိုပါဖန်တီးမှုပြိုင်ပွဲဟာ တရုတ်-မြန်မာပြည်သူတွေ၊ လူငယ်မျိုးဆက်သစ်တွေကြားမှာ ချစ်ကြည်ရေးအကြောင်းအရာ တွေနဲ့အတူ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ခေတ်အဆက်ဆက်လက်ဆင့်ကမ်းမှု မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ China Media Group ၊ အာရှ-အာဖရိက မီဒီယာစင်တာ၊ "Focus on the Future” ထူးချွန်လူငယ်ပညာသင်ဆုစီမံကိန်းအဖွဲ့၊ မြန်မာနိုင်ငံမြောက်ပိုင်းတရုတ်စာပညာရေးမြှင့်တင်ရေးအသင်း စတဲ့ ဌာနတွေနဲ့ အသင်းအဖွဲ့တွေက ပူးပေါင်းစီစဉ်ကျင်းပတာဖြစ်သလို မြန်မာနိုင်ငံရှိ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွားအသင်းအဖွဲ့များ၊ တရုတ်စာပညာရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာလူမှုအဖွဲ့ အစည်းများနဲ့ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ မြန်မာဘာသာစကားအထူးပြုသင်ကြားရေးအဖွဲ့ အစည်းများကလည်း ပံ့ပိုးပါဝင်ကြတယ်လို့ သိရပါတယ်။
 
ထိုပြိုင်ပွဲမှာ ဖန်တီးမှုပညာရှင်ဆု၊ သရုပ်ဖော်ပန်းချီပညာရှင်ဆု၊ နောက်ခံစကားပြောပညာရှင်ဆု၊ မှတ်သားဖွယ်ရာ ဝါကျဆု စတဲ့ ပရောဂျက်ကဏ္ဍလေးခုကို စီစဉ်ထားပြီး ပြိုင်ပွဲမှာ ဒေသနဲ့ပါဝင်သူတွေကို ကန့်သတ်ထားတာမျိုးမရှိသလို မြန်မာနိုင်ငံအတွင်းရှိ တရုတ်ဘာသာစကားသင်တန်းကျောင်းများမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ တရုတ်နွယ်ဖွားများ၊ နှစ်နိုင်ငံမှ တရုတ်၊ မြန်မာ ဘာသာစကားကို သင်ယူလေ့လာသူများ၊ စာပေနဲ့အနုပညာကို ချစ်မြတ်နိုးသူများ အားလုံး အမည်စာရင်းပေးသွင်းကာ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
 
ပြိုင်ပွဲဝင်သူတွေဟာ ပရောဂျက်လက်ရာကဏ္ဍတစ်ခုတွင် ပြိုင်ပွဲဝင်တစ်ဦးမှ လက်ရာတစ်ခုစီကိုသာ ပေးပို့ရမှာဖြစ်ပြီး ပရောဂျက်ကဏ္ဍလေးခုစလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ ထိုပြိုင်ပွဲအနေနဲ့ ဖန်တီးမှုပညာရှင်ဆုကဏ္ဍမှာ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ အခက်အခဲများနဲ့ အောင်မြင်မှု အစရှိတဲ့ ရသမျိုးစုံပါဝင်တဲ့ ၀တ္ထုကို တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ပေးပို့ယှဉ်ပြိုင်နိုင်ပြီး တရုတ်ဘာသာအတွက် စာလုံးရေ ၁၅၀၀ မှ ၂၅၀၀၊ မြန်မာဘာသာအတွက် စာလုံးရေ ၂၀၀၀ မှ ၃၀၀၀ ဖြင့် ရေးသားပေးပို့နိုင်ကြောင်း၊ သရုပ်ဖော်ပန်းချီပညာရှင်ဆုကဏ္ဍမှာ ၀တ္ထုများမှ ဇာတ်ဝင်ခန်းမျိုးကဲ့သို့သော မေ့မရနိုင်တဲ့ အကြောင်းအရာကို ပုံဖော်ရေးဆွဲရမှာဖြစ်ပြီး သရုပ်ဖော်ပန်းချီပုံလေးပုံလောက် အနည်းဆုံးဖန်တီးရမှာဖြစ်ကြောင်း၊ ပန်းချီရေးဆွဲတဲ့အခါ သာမန်အားဖြင့် လက်ရေးဖြင့်ရေးဆွဲနိုင်သလို ပုံဆွဲတက်ဘလက်ဖြင့်လည်း ရေးဆွဲနိုင်တယ်လို့ သတ်မှတ်ထားကြောင်း၊ နောက်ခံစကားပြောပညာရှင်ဆုကဏ္ဍမှာ ၀တ္ထုထဲက ဇာတ်ဝင်ခန်းတစ်ပိုင်းလောက်ကို ရွေးချယ်ကာ လုပ်ဆောင်နိုင်ပြီး သင့်လျော်တဲ့အသံပြုလုပ်ချက်တွေနဲ့ နောက်ခံတေးဂီတပြုလုပ်ချက်တွေကို ထည့်သွင်းသင့်ကြောင်း၊ မှတ်သားဖွယ်ရာဝါကျဆုကဏ္ဍမှာ ၀တ္ထုထဲမှာ မိမိအတွက် စိတ်လှုပ်ရှားမှုဖြစ်စေတဲ့ အကြောင်းအရာတွေကို ဗီဒီယိုရိုက်ကူးကာ ခံစားချက်ကို မိမိဘာသာစကားနဲ့ ပြော၍ပေးပို့ရမှာဖြစ်ပြီး အဲ့ဒီဗီဒီယိုထဲမှာ ၀တ္ထုခေါင်းစဉ်ကိုထင်ဟပ်စေတဲ့ အဓိကမှတ်သား ဖွယ်ရာဝါကျတစ်ကြောင်းပါရမှာဖြစ်ကြောင်း၊ ဗီဒီယိုရဲ့ကြာမြင့်ချိန်ဟာ တစ်မိနစ်ထက်မပိုရသလို ရိုက်ကူးမှုပုံစံနဲ့ တင်ဆက်မှု တွေမှာ ဖန်တီးမှုဒီဇိုင်းတွေပါဝင်ပါက အမှတ်ပိုမိုရရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
 
အဆိုပါယှဉ်ပြိုင်ရမယ့် ပရောဂျက်တွေမှာ ရွှေတံဆိပ်ဆုတစ်ဆု၊ ငွေတံဆိပ်ဆုတစ်ဆု၊ ကြေးတံဆိပ်ဆု နှစ်ဆု၊ ထူးချွန်ဆု ၂၀ နဲ့ အနာဂတ်ကြယ်ပွင့်ဆုတစ်ဆုတို့ကို သတ်မှတ်ထားပြီး ကြီးမှူးကျင်းပတဲ့အဖွဲ့အစည်းတွေက ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ ဆုကြေးငွေတွေကိုလည်း ထပ်မံပေးသွားဖို့စီစဉ်ထားကြောင်း၊ ဖန်တီးမှုပညာရှင်၊ သရုပ်ဖော်ပန်းချီပညာရှင်၊ နောက်ခံစကားပြော ပညာရှင်တို့ရဲ့ ရွှေတံဆိပ်ဆုကြေးအဖြစ် ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ငွေတံဆိပ်ဆုကြေး အဖြစ် ငွေကျပ် ခြောက်သိန်း၊ ကြေးတံဆိပ်ဆုကြေးအဖြစ် ငွေကျပ် သုံးသိန်း၊ ထူးချွန်ဆုအဖြစ် ငွေကျပ်တစ်သိန်းတို့ကိုလည်းကောင်း၊ အဓိကမှတ်သားဖွယ်ရာဝါကျဆုမှာ ရွှေတံဆိပ်ဆုအဖြစ် ငွေကျပ်ငါးသိန်း၊ ငွေတံဆိပ်ဆုအဖြစ် ငွေကျပ် နှစ်သိန်း၊ ကြေးတံဆိပ်ဆုအဖြစ် ငွေကျပ် တစ်သိန်း၊ ထူးချွန်ဆုအဖြစ် ငွေကျပ် ငါးသောင်း အစရှိသဖြင့်သတ်မှတ်ထားသလို အနာဂတ်ကြယ်ပွင့်ဆုအဖြစ် ဆုငွေကျပ် ၁၀သိန်းကို သတ်မှတ်ထားကြပါတယ်။
 
ပြိုင်ပွဲဝင်သူတွေဟာ ဖန်တီးမှုပညာရှင်ပြိုင်ပွဲအတွက်ပေးပို့တဲ့အခါ PDF Format နဲ့ Word ဖိုင်တစ်ပါတည်းပေးပို့ရန် သတ်မှတ်ထားသလို သရုပ်ဖော်ပန်းချီပညာရှင်ပြိုင်ပွဲအတွက် JPG Format ဖြင့်ပေးပို့ကာ ရုပ်ပုံအရည်အသွေး ရှင်းလင်းပြတ်သားမှုရှိဖို့လိုအပ်ကြောင်း၊ နောက်ခံစကားပြောပညာရှင်ပြိုင်ပွဲမှာ MP 3 Format အဖြစ် ပေးပို့ဖို့လိုပြီး အဓိက မှတ်သားဖွယ်ရာ ဝါကျပြိုင်ပွဲမှာ MP 4 Format ဖြင့် ပေးဖို့ပြီး ပြိုင်ပွဲဖန်တီးမှုလက်ရာအားလုံးကို ဇွန်လ ၁၉ ရက် ၂၄ နာရီ အထိသတ်မှတ်ကာ ဖန်တီးပေးပို့သော ပရောဂျက်ပြိုင်ပွဲရဲ့အမည်၊ ပေးပို့ယှဉ်ပြိုင်သူရဲ့အမည်၊ ကျောင်း၊ အသက်၊ အီးမေလ်၊ ဆက်သွယ်ရန်နည်းလမ်း၊ နည်းပြဆရာရှိပါကနည်းပညာဆရာနာမည်နဲ့အချက်အလက်တို့ကို ထည့်သွင်းကာ  jujiaoweilai@ 163.com သို့ ပေးပို့ရမှာဖြစ်ကြောင်း၊ သတ်မှတ်ချက်နဲ့မညီတဲ့ ယှဉ်ပြိုင်သူတွေဟာ ဆန်ကာတင်အဆင့်မှာပင် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
 
ပြိုင်ပွဲဝင်တွေဘက်မှ ပေးပို့လာတဲ့လက်ရာတွေကို ဇွန်လ ၂၀ ရက်မှ ၂၄ ရက်အထိ တရုတ်၊ မြန်မာ ပညာရှင်များက ပူးတွဲရွေးချယ်၍ ပဏာမဆန်းစစ်ကာ ဆန်ကာတင်အဆင့် ရွေးချယ်မှာဖြစ်ကြောင်း၊ ဇွန်လ ၂၅ ရက်မှစကာ ဇွန်လ ၃၀ ရက် ၂၄ နာရီအထိ အွန်လိုင်းမဲပေး စနစ်ဖြင့်စီစဉ်ထားသလို ပညာရှင်တွေရဲ့အကဲဖြတ်မှု ၅၀ ရာခိုင်နှုန်း၊ အွန်လိုင်းမှ မဲပေးရွေးချယ်မှုမှ ၅၀ ရာခိုင်နှုန်း အချိုးချကာ အမှတ်ပေးရွေးချယ်ကြပြီးနောက် ဇူလိုင်လဆန်းလောက်တွင် ဆုပေးရွေးချယ်သွားမယ်လို့ သိရပါတယ်။
 
ထိုပြိုင်ပွဲနဲ့ပတ်သက်လို့လည်း Paukphaw Online Wechat အကောင့်နဲ့ Facebook အကောင့်တို့မှာ ပြိုင်ပွဲရဲ့ အခြေခံအကြောင်းအရာများဖြစ် ဇွန်လ ၈ ရက်မှ ၉ ရက်အထိ “တိုးတိုးရဲ့အချစ်ဇာတ်လမ်း”လို့နာမည်ပေးထားတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ၀တ္ထုတိုကို ဖော်ပြထားခဲ့ပါတယ်။
 
ရန်ကုန်၊ ဇွန် ၉