
【 ပြည်တွင်း 】တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ယခင်ကာလတူထက် ကန်ဒေါ်လာ သန်း ၂၄၀နီးပါးလျော့ကျ
ယခုဘဏ္ဍာနှစ် ၅ လကျော်ကာလအတွင်း တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်ကာလတူ ထက် အမေရိကန်ဒေါ်လာသန်း ၂၄၀နီးပါး လျော့နည်းကျဆင်းခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဧပြီလ ၁ရက်မှ စက်တင်ဘာ ၉ရက်အထိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ကန် ဒေါ်လာ ၁၃၁၁ သန်းကျော် ရှိခဲ့သော်လည်း လက်ရှိ ၂၀၂၂ခုနှစ် ဧပြီလ ၁ရက်မှ စက်တင်ဘာ ၉ရက်အထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၁၀၇၂ သန်းကျော်သာရှိခဲ့လို့ ယခင်ကာလတူထက် ကန်ဒေါ် လာ သန်း၂၄၀နီးပါး လျော့နည်းကျဆင်းခဲ့တာ ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုကို အများဆုံးပြုလုပ်နေတဲ့ မူဆယ်နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပမာဏမှာလည်း ၅ လကျော် အတွင်းမှာ ယခင်ကာလတူထက် ကန်ဒေါ်လာသန်း ၁၈၇သန်းကျော် လျော့နည်းကျဆင်းခဲ့တာ တွေ့ရ ပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း ၊ အိန္ဒိယ ၊ ဘင်္ဂလာ့ဒေ့ရှ် ၊ လာအိုစတဲ့ နိုင်ငံတွေနဲ့ နယ် စပ်ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ် ၅လကျော်အတွင်းမှာ စုစုပေါင်းနယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၃၄၉၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ ၅ လကျော်အတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏမှာလည်း ယခင် နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်း ၁၁၀ ကျော် လျော့နည်းကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်၊ စက်တင်ဘာ ၂၄