【 ပြည်တွင်း 】တိုက်ခန်း အဝယ်နည်းပြီး အိမ်ခြံမြေ အရောင်းအဝယ်သွက်

【 ပြည်တွင်း 】တိုက်ခန်း အဝယ်နည်းပြီး အိမ်ခြံမြေ အရောင်းအဝယ်သွက်

ရန်ကုန်မြို့တွင်းအိမ်ခြံမြေစျေးကွက်မှာတော့ တိုက်ခန်းတွေ အရောင်းအဝယ် အေးနေပြီး  ခြံမြေ အပိုင်းမှာတော့ အရောင်းအဝယ်သွက်နေတယ်လို့ အိမ်ခြံမြေလုပ်ကိုင်သူတွေဆီက  သိရပါတယ်။

“အခုလက်ရှိ တိုက်ခန်းအရောင်းအဝယ်က အေးတယ်။ မရှိသလောက်ပဲ။ အငှားစျေးကွက်ပဲ များတယ်။ တိုက်ခန်း ရောင်းချင်သူတွေ လာချိတ်ထားတာ တော်တော်များတယ်။  ဒါပေမယ့် အဝယ်က မရှိသလောက်ဖြစ်နေတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဝယ်သူတချို့ရှိပေမယ့် ခေါ်စျေးကို မပေးနိုင်ဘူးပေါ့။ စျေးနှိမ်ဝယ်တဲ့သဘော။ ဒါကြောင့် အရောင်းအဝယ်သိပ်မဖြစ်ဘူး။ အိမ်အငှားတွေပဲ များတယ်။”လို့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

တိုက်ခန်းအရောင်းအဝယ်အေးနေပေမယ့် ဒဂုံဆိပ်ကမ်းမြို့နယ်လို တန်ဖိုးနည်းတိုက်ခန်းတွေရှိတဲ့ဘက်မှာတော့ အရောင်းအဝယ် အနည်းငယ်ဖြစ်တယ်လို့ သိရပါတယ်။

“ တန်ဖိုးနည်းတိုက်ခန်းဖြစ်တဲ့ သိန်း ၂၀၀၊ ၂၅၀၊ ၃၀၀၊ ကျူးတွေအတွက်ဆောက်ထားတဲ့ တိုက်ခန်း သိန်း ၉၀၊ ၁၀၀ ကျော်ဝန်းကျင်ဘက်မှာတော့ အရောင်းအဝယ်နည်းနည်းရှိတယ်။ ကျန်တဲ့တိုက်ခန်းတွေကတော့ လိုအပ်သူ တချို့တလေလောက်ပဲ အဝယ်ရှိ တယ်။ ”လို့ ရန်ကုန်မြို့တွင်း အိမ်ခြံမြေလုပ်ကိုင်သူတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာ တိုက်ခန်းတွေထက် ခြံမြေတွေကို စိတ်ဝတ်စားသူများနေပြီး ဒီရက်ပိုင်း ပိုအရောင်းအဝယ် ဖြစ်နေတယ် လို့ သိရပါတယ်။

“ ခြံမြေအမျိုးအစားလိုက်  အရောင်းအဝယ်ကောင်းတယ်။ မြို့တွင်းကတော့ သိပ်မဖြစ်ပါဘူး။ မြို့စွန်တွေဘက်မှာ ပိုအရောင်းအဝယ်ဖြစ်တယ်။ တိုက်ကြီး၊ မှော်ဘီလို၊ လှိုင်သာယာ၊ ထန်းတပင်လို၊ သန်လျင်လို၊ ရွှေပြည်သာလို ဘက်တွေခြံတွေကို ပိုစိတ်စားသူတွေများတယ်။ ကျွန်တော်တို့လည်း အဲ့ဒီဘက်က ခြံတွေကို ပိုကိုင်ဖြစ်တယ်။ ခြုံပြောရရင် အခု အဝယ်များတာက မြို့တွင်း တန်ဖိုးကြီး အိမ်ခြံတွေထက် မြို့အစွန်က တန်ဖိုးသင့်တဲ့ ခြံတွေကိုပဲ စိတ်ဝင်စားမှုများလာတယ်လို့ ပြောလို့ရတယ်။”လို့  အိမ်ခြံမြေလုပ်ငန်းကိုင်လုပ်ကိုင်သူက ပြောပါတယ်။

လက်ရှိမှာ အိမ်ခြံမြေစျေးတွေကလည်း  တခြားကုန်ပစ္စည်းတွေနဲ့ နည်းတူ စျေးနှစ်ဆကျော်လောက် မြင့်တက် သွားခဲ့ပြီး ရွှေပြည်သာမြို့နယ်အတွင်းက တန်ဖိုးသင့်တဲ့ ပေ ၂၀၊ ပေ ၆၀ ရှိတဲ့ မြေကွက်တွေဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကျပ် သိန်း ၂၃၀ ကနေ ကျပ်သိန်း ၃၀၀ ဝန်းကျင်ရှိရာကနေ လက်ရှိမှာတော့ ကျပ် သိန်း ၅၀၀၊ ၇၀၀ အထိ စျေးရှိနေတယ်လို့ သိရပါတယ်။

လီလီ

ရန်ကုန်၊ စက်တင်ဘာ ၂၄