【 ပြည်တွင်း 】ဒိုင်နိုဆောစက်ရုပ်ဖန်တီးသူက ကားသေးလေးများထုတ်လုပ်ဖို့ မျှော်မှန်းနေ

 【 ပြည်တွင်း 】ဒိုင်နိုဆောစက်ရုပ်ဖန်တီးသူက ကားသေးလေးများထုတ်လုပ်ဖို့ မျှော်မှန်းနေ

မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ဒိုင်နိုဆောစက်ရုပ်ဖန်တီးခဲ့တဲ့ ကိုအောင်ကျော်က ကားအသေးလေးတွေကို ထုတ်လုပ်သွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
သံပန်း၊ သံတံခါးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်နေတဲ့ ၎င်းဟာ ငွေကျပ် ၁၇ သိန်းခွဲလောက် ကုန်ကျခဲ့တဲ့ ဒိုင်နိုဆောစက်ရုပ်ကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ “ငယ်ငယ်က အိပ်မက်စိတ်ကူးပေါ့၊ အရုပ်တွေနဲ့ပတ်သက်ပြီး လုပ်ချင်တဲ့ဆန္ဒရှိတယ်၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ခွင့်မရဘူး၊ တစ်ရက်မှာ မိတ်ဆွေတစ်ယောက်နဲ့စကားပြောကြည့်ပြီး ဟုတ်ပါ့မလား အစမ်းသဘောနဲ့ အပ်တယ်၊ အဲ့အရုပ်လေး လုပ်မယ်ပေါ့၊ အစတုန်းက ကျွန်တော်ထင်ထားတာက သာမန်ပါးစပ် လှုပ်မယ်၊ မျက်စိ၊ ခန္ဓာကိုယ်လှုပ်မယ်၊ ဒါပေမဲ့သူကခိုင်းတာ လူစီးလို့ရဖို့အတွက်တဲ့၊ လူက ကျောကုန်းပေါ်ပဲ ဖြစ်စေရမယ်ပေါ့၊ Weight ချိန်ပြီးထားရတော့ အကောင်အစစ်လိုမျိုး လည်ပင်းပေါ်တက်စီးလို့တော့မရဘူး၊ ကျွန်တော့် စိတ်ကူးကိုက မဖြစ်နိုင်ဘူးလို့ ပြောကြတာကို မခံချင်စိတ်နဲ့ မရရအောင် ကြိုးစားဖြစ်ခဲ့တယ်၊ YouTube ကနေ ကြည့်တယ်၊ ကိုယ့်ဒီဇိုင်းနဲ့ ကိုယ် အဆင့်ဆင့် ပြန်ဆွဲပြီး လုပ်ခဲ့ပါတယ်”လို့ ကိုအောင်ကျော်က ဆိုပါတယ်။
သူဟာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ရပ်ကွက်‌ကြီး ၁၇ နားကရွာမှာနေထိုင်သူလည်းဖြစ်သလို ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရတဲ့အခက်အခဲတွေ၊ လျှပ်စစ်မီးခဏခဏပြတ်တောက်မှုကြောင့် ကြုံရတဲ့အခက်အခဲတွေနဲ့ မိုးများ သည်းထန်စွာရွာချိန်မှာ လျှပ်စစ်အန္တရာယ်မကြုံအောင် ခေတ္တရပ်နားခဲ့ရတာတွေ အစရှိတဲ့ အခြေအနေတွေကြောင့် အချိန် နှစ်လကျော်လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
“YouTube ကနေ ကြည့်တာက လုပ်ပုံလုပ်နည်းပဲပြတာ၊ အတိုင်းအတာ ဘယ်လောက်စကေးဆိုတာမပါဘူး၊ အနည်းငယ်လေး လွဲသွားရင်ကို အလုပ်မလုပ်ဘူး၊ ကျွန်တော်တို့ရှာတွေ့တဲ့နည်းက ခြေထောက်လှမ်းတာက အဆင်မပြေဘူး၊ အကောင်က ညင်ညင်သာသာမရှိတော့ တက်စီးမယ့်ကလေးတွေက စီးရဲမှာမဟုတ်ဘူး၊ အဲ့ဒီကြောင့် အဆင့်ဆင့်ပြန်ပြီးတော့ လုပ်တယ်၊ အခက်အခဲဆုံးအပိုင်းက ခြေထောက်ပဲ၊ သူက အောက်နိမ့်သွားလည်းမရဘူး၊ ဘေးကားထွက်လည်းမရဘူး၊ အတွင်းထဲ ကျုံ့သွားလည်းမရဘူး၊ သာမန်လူဆိုရင် စိတ်ဓာတ်ကျသွားနိုင်တယ်”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အဆိုပါအရုပ်ပြုလုပ်ဖို့အတွက် လုပ်ငန်းလက်ခံလိုက်ပြီးနောက် ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြောဆိုတဲ့အခါ ဝေဖန်မှုတွေခံခဲ့ရကြောင်း၊ ကုန်ကြမ်းပစ္စည်းများဝယ်ယူတဲ့အခါမှာလည်း သုံးချင်တဲ့ပစ္စည်းမျိုး လွယ်လွယ်ရှာဝယ်လို့မရသလို ငွေကြေးအခြေအနေကြောင့် ကုန်ကျစရိတ်ချုံ့ကာ လုပ်ဆောင်ရပြီး ကုန်ကျစရိတ်အတွက် နာမည်တပ်ဖို့ခက်ခဲတဲ့ ပစ္စည်းများစွာလည်း ပါဝင်ခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း အိမ်သုံး၊ ကျောင်းသုံးအဖြစ် လွယ်လွယ်သုံးစွဲနိုင်မယ့် ကားသေးလေး တွေကို လုပ်ဆောင်သွားဖို့လည်း မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
 
ရန်ကုန်၊ ဇူလိုင် ၂၇