【 ပြည်တွင်း 】ဒေါ်လာစျေးကွာဟမှုကြောင့် တရုတ်နဲ့ ထိုင်းနယ်စပ် ကုန်သွယ်မှုလုပ်နေတဲ့ ကုန်ကားတွေ ရပ်ဆိုင်းမှုများပြားနေ

【 ပြည်တွင်း 】ဒေါ်လာစျေးကွာဟမှုကြောင့် တရုတ်နဲ့ ထိုင်းနယ်စပ် ကုန်သွယ်မှုလုပ်နေတဲ့ ကုန်ကားတွေ ရပ်ဆိုင်းမှုများပြားနေ

ဒေါ်လာစျေးကွာဟမှုဟာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာနေတဲ့အတွက် တရုတ်နဲ့ ထိုင်းနယ်စပ်ကတဆင့် ကုန်စည် ပို့ဆောင်၊ တင်သွင်းနေကြတဲ့ ကုန်ကားတွေ ရပ်ဆိုင်းမှုများလာပြီး အဝင်၊ အထွက်တွေ တဖြည်းဖြည်း ပိုနည်းလာတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

“ကျင်စမ်းကျော့ တရုတ်နိုင်ငံနဲ့ မြန်မာ Export , Import ကားအဝင်အထွက် တဖြည်းဖြည်း လျော့လာပါတယ်။ မြန်မာနိုင်ငံရဲ့Export ကားတွေမရှိတော့ တရုတ်နိုင်ငံရဲ့ Import ကားတွေလည်း ဝင်ခွင့်မရတော့ပါဘူး။ အခု လက်ရှိ Exoprt ကားတွေက ပဲတီစိမ်း၊ မြေပဲ၊ နှမ်းနဲ့ ဆန်တွေဖြစ်ပါတယ်။ ဒေါ်လာ စျေးတွေ တစ်နေ့ထက် တစ်နေ့  စျေးတွေ ကွာဟမှုကြောင့် တင်ပို့တွေ ရပ်ထားကြရပါတယ်၊ One By One System နဲ့ တရုတ်နိုင်ငံ ရဲ့အဓိကရာသီစာဖြစ်တဲ့ ငရှဉ့်၊ ဂဏာန်းကတော့ နေ့စဉ်ဝင်ထွက် လျက်ရှိပါတယ်။ နောက်ရက်တွေမှာ Export Import အတွက် မူဝါဒများ ပြောင်းလဲမှု ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ Import ကွန်တိန်နာ (၂၀၀) ကျော် ကျန်ပါတယ်။ တခြားကားများစွာလည်း မြန်မာနိုင်ငံ ဝင်ဖို့  ရှိပါတယ်။ မူဝါဒ တစ်မျိုးမျိုး ပြောင်းမှသာ အဝင် အထွက်ချောမွေ့သွားမယ်လို့ မျှော်လင့်ရပါတယ်”လို့ ကုန်သည်တစ်ဦးက ပြောထားပါတယ်။

ထိုင်းနိုင်ငံဘက်ကို ကုန်သွယ်မှု ပြုနေတဲ့ နယ်စပ်ဂိတ်တွေမှာဆိုရင်လည်း အလားတူ ရပ်ဆိုင်းထားတာတွေ ပိုများလာ နေတယ်လို့ သိရပါတယ်။  အဓိကတော့ ဒေါ်လာစျေးကွာဟမှုတွေ ပိုများလာနေတဲ့အတွက်ကြောင့် ယခုလိုကြုံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်လာစျေးအခြေအနေကလည်း ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးနှုန်းဟာ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်သာဖြစ်ပေမယ့် အပြင်စျေးကွက်ထဲမှာတော့ တစ်ဒေါ်လာကို ကျပ် ၂၄၀၀ ကနေ ကျပ် ၂၆၀၀ ဝန်းကျင်အထိ ပေါက်စျေးပေး ဝယ်နေရတယ်လို့ သိရပါတယ်။

“ အခုဆို ထိုင်းမှာ ပြောင်းစျေးတွေလည်း ကျနေတယ်ဆိုတော့ ပို့လို့မရတော့ဘူး။ ပို့ရင်လည်း တွဲကားတစ်စီး သိန်း ၅၀၊ ၆၀ ဝန်းကျင်လောက်ရှုံးတယ်။ အခု မြန်မာဘက်က ပို့ကုန်လိုင်စင်တွေကို ဒေါ်လာနဲ့ပဲ ခွင့်ပြုတဲ့အတွက် ဒီအခြေနေတွေ ပိုဖြစ်လာတာ။ တချို့ ကုန်သည်တွေဆိုရင် ပြောင်းနဲ့ တခြားသီးနှံတွေ အကုန်အရှုံးပေါ်လို့ ပွဲရုံတွေ၊ မြေတွေ ထိုးရောင်းပြီး ဆပ်နေရတဲ့ အခြေနေတွေထိ ဖြစ်နေတယ်”လို့ ထိုင်းနိုင်ငံကို အဓိက ကုန်စည် အရောင်း အဝယ်လုပ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း အမျိုးမျိုးနဲ့ မြေပဲဆံတွေ ပြည်ပနိုင်ငံတွေကို  တင်ပို့ခြင်းအတွက် အမေရိကန်ဒေါ်လာ အသုံးပြုသော ပုံမှန်ကုန်သွယ်မှု နည်းလမ်းဖြင့်သာ ပို့ကုန်လိုင်စင်တွေကို ခွင့်ပြုမယ့်အကြောင်း ကုန်သွယ်ရေး ဦးစီးဌာန ရုံးချုပ်က ဇူလိုင် ၁၄ ရက်မှာ စတင်ထုတ်ပြန် အသိပေးခဲ့တာတွေ ရှိနေပါတယ်။

ရန်ကုန်၊ ဩဂုတ် ၂