【 ပြည်တွင်း 】ဓာတ်လိုက်သေဆုံးတဲ့ဖြစ်စဉ်များမကြာခဏကြုံလာ

【 ပြည်တွင်း 】ဓာတ်လိုက်သေဆုံးတဲ့ဖြစ်စဉ်များမကြာခဏကြုံလာ

ပြည်တွင်းမှာ ယခုနောက်ပိုင်း ဓာတ်လိုက်သေဆုံးတဲ့ဖြစ်ရပ်တွေ မကြာခဏပြန်လည်ကြုံတွေ့လာတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါဖြစ်ရပ်တွေမှာ အသုံးပြုသူတွေရဲ့မဆင်မခြင်ပေါ့ဆမှုကြောင့် ဖြစ်တာမျိုးတွေရှိသလို ဟောင်းနွမ်းဆွေးမြေ့တဲ့ ဓာတ်အားလိုင်းကြိုးတွေ ပြတ်တောက်ကျလာတာမျိုးတွေကြောင့်လည်း ဖြစ်တတ်သလို မိုးကြိုးပစ်တာမျိုးကြုံကာ ဓာတ်လိုက်သေဆုံးတာတွေလည်းဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ လောက် အတွင်းမှာ ဟောင်းနွမ်းတဲ့ ဓာတ်အားလိုင်းကြိုးတွေနေရာကို အပေါ်မှ ရော်ဘာများအုပ်ထားတဲ့ ကြိုးသစ်တွေနဲ့ စနစ်တကျ လဲလှယ်နိုင်ခဲ့တဲ့အပြင် လျှပ်စစ်အန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေကို ကျယ်ပြန့်စွာ ပညာပေး လုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးတဲ့ဖြစ်ရပ်တွေနဲ့ အသုံးပြုသူတွေရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်လာတဲ့အခြေအနေတွေဟာ သိသာစွာလျော့ပါးသွားခဲ့တာဖြစ်ပါတယ်။

ထိုအခြေအနေမှ ယခုနောက်ပိုင်းမှာ ဓာတ်လိုက်သေဆုံးရတဲ့ဖြစ်ရပ်တွေဟာ ပြန်လည်ကြုံတွေ့လာပြီး ရန်ကုန်အပါအဝင် နယ်ဒေသတွေမှာလည်း ကြုံလာတာဖြစ်ပါတယ်။ “အိမ်မှာ မီးပျက်တယ်ဆိုပြီး မိန်းမချထားမိဘဲ အိမ်ကမီးကြိုးကိုပြင်တာ ရုတ်တရက်မီးလာတာနဲ့ ကံကောင်းလို့ဓာတ်မလိုက်တယ်၊ မီးကြိုးနဲ့ထိမိတဲ့ ကတ်ကြေးတောင်မှ ပဲ့သွားတယ်”လို့လည်း ကိုယ်တိုင်ကြုံရသူ တစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မှာ ဥယျာဉ်မှူါ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြုံခဲ့သလို ယခုရက်ပိုင်း အတွင်းမှာပင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမနောက်ရပ်ကွက်ဘက်မှာ ဓာတ်လိုက်သေဆုံးတဲ့ဖြစ်ရပ်တစ်ခု ကြုံရတယ်လို့ ကူညီကယ်ဆယ်ပေးခဲ့ရတဲ့ ပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံတွင် လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှု အများဆုံးမှာ အိမ်တွင်းသုံးလျှပ်စစ် ပစ္စည်းများကြောင့် ဖြစ်လာတဲ့ဖြစ်စဉ်တွေ အများဆုံးရှိနေပြီး လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုရဲ့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဓာတ်လိုက်မှုဖြစ်စဉ်ကြုံရတဲ့ အခြေအနေဟာ နှစ်စဉ်ပျမ်းမျှအကြိမ် ၁၀၀ မှ ၂၀၀ ကြားမှာရှိတတ်ပြီး သေဆုံးသူဟာ ၅၀ မှ ၁၀၀ ကြားမှာရှိနေတယ်လို့လည်း စစ်တမ်းအချို့အရ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၄