【 ပြည်တွင်း 】နိုင်ငံရေးခုတုံးလုပ် ငွေကြေးလိမ်လည်မှုနဲ့ အသွင်ယူ လုယက်မှုတွေရှိနေ

【 ပြည်တွင်း 】နိုင်ငံရေးခုတုံးလုပ် ငွေကြေးလိမ်လည်မှုနဲ့ အသွင်ယူ လုယက်မှုတွေရှိနေ

လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို ခုတုံးလုပ်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ရဲ၊ စစ်သားအသွင်ယူပြီး လုယက်မှုတွေ ရှိနေတဲ့အတွက် သတိထားသွားလာနေထိုင်ကြဖို့  ကိုယ်တွေ့ကြုံခဲ့ရသူတွေက သတိပေး ထားကြပါတယ်။
နိုင်ငံရေးခုတုံးလုပ် ငွေကြေးလိမ်လည်မှုတွေထဲက  ဒီနောက်ပိုင်း ဖုန်းနဲ့ ဆက်သွယ်ပြီး ငွေညှစ်တာမျိုးတွေပါ ရှိ လာတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ဆိုပါတယ်။ ဖုန်းဆက်သွယ်ပြီး “ ဒီဖုန်းနဲ့ နိုင်ငံရေး လုပ်ထားလား” မေးမြန်းပြီး ရဲအသွင်ယူ ငွေညှစ်တာမျိုးဖြစ်တယ်လို့ သိရပါတယ်။
“မနေ့ကပေါ့ အိမ်က အဒေါ်ရဲ့ဖုန်းကို ယောကျာ်းအသံနဲ့ "ဒီဖုန်းက နိုင်ငံရေး လုပ်ထားတာလားလို့ မေးပါတယ် အဒေါ်ကလည်း မလုပ်ပါ ဘူးရှင်လို့ ပြန်ဖြေပါတယ် ။ ဖုန်းဆက်လာတဲ့သူက သေချာလားပေါ့။ ဒီဖုန်းနံပါတ်နဲ့ နိုင်ငံရေးလုပ်ထားတာတွေရှိတဲ့ အထောက်အထားတွေ စစ်ဆေးတွေ့ရှိရတယ် ဆိုပြီးပြန်ပြောပါတယ်။ အဲ့ချိန် သူနဲ့ပြောရင်း အဒေါ်ကလည်း လူကြီးဆိုတော့ နည်းနည်းကြောက်နေပြီ။ အသံတုန်တုန်နဲ့ မလုပ်ပါဘူးပေါ့နော် ငြင်းပါတယ်။ သူတို့ဘက်က အခုစခန်းမှာ ရှင်းဖို့လာဖမ်းကြမယ်လို့ ထပ်ပြောပါတယ်။ ပြီးတော့ သူက ဘယ် စခန်းမှူးဆိုလား စိုးဝင်းပါ ဘယ်ရာထူးနဲ့ပါ ဆိုပြီး သူ့ကိုယ်သူ ပြောပါတယ်။ ပြီးတော့ ပိုက်ဆံကိစ္စ သိန်း ၅၀ တောင်းပါတယ် ။ အကယ်၍ အခုလို ညှိလို့ အဆင်မပြေရင် စခန်းရောက်တဲ့အခါ ငွေပိုကုန်မယ်လို့ " ခြိမ်းခြောက်ပါတယ်ဒါနဲ့ပဲ အဒေါ်ကကြောက်နေတော့မပြောတတ်တော့ဘူး ဖြစ်နေချိန် အမက ဖုန်းလုယူပြီး... "ရှင်ဘယ်ဌာနက ဘယ်သူ လည်းလို့ ထပ်ပြောပါ။ ကျွန်မတို့လည်း ကိုယ့်အဆက်အသွယ်တွေရှိပါတယ်။ ရှင့်ရဲ့ဌာနနဲ့ ရာထူးကို သေချာ ပြောပြပါ" ... လို့ ပြောတော့မှ အဲဒီဖုန်းဆက်သူက စကားလျှောသွားပြီး  သားကစနေတာ ဘယ်သူလဲ ခုထိ မသိဘူးလား။ ကိုယ့်တူ ကိုယ့်သား ကိုယ့်မိတ်ဆွေမှန်းတောင် မသိဘူးလားလို့ ".ပြောပါတယ် ။”လို့ လိမ်လည်မှု ကိုယ်တွေ့ကြုံခဲ့ရတဲ့ ပြည်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။
နိုင်ငံရေးအခြေအနေကို ခုတုံးလုပ်၊ ပြည်သူတွေရဲ့ အကြောက်တရားကို အသုံးချပြီး အခုလိုမျိုး လိမ်လည်မှုတွေ ရှိနေတဲ့အတွက် အလွယ်တကူ မယုံကြည်ကြဖို့ သတိပေးမှုတွေရှိနေပါတယ်။ ဒီလိုမျိုး အသွင်ယူငွေညှစ် တာမျိုးတွေအပြင် ရန်ကုန်မြို့တွင်းမှာလည်း လူအုပ်စုနဲ့ အသွင်ယူ စစ်ဆေးသလိုမျိုးလုပ်ပြီး ဖုန်းနဲ့ ငွေကြေး လုယက်တာတွေလည်းရှိနေတဲ့အတွက် သတိထားသွားလာကြဖို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေက လူမှု ကွန်ရက်မှာ ရေးသားသတိပေးလာကြတာကိုတွေ့ရပါတယ်။
ရန်ကုန်၊ ဩဂုတ် ၇