【 ပြည်တွင်း 】နွားတွေကို စျေးနှိမ်ဝယ်ယူမှုများရှိနေပေမယ့်လည်း ရောင်းသူများနေ

【 ပြည်တွင်း 】နွားတွေကို စျေးနှိမ်ဝယ်ယူမှုများရှိနေပေမယ့်လည်း ရောင်းသူများနေ

လက်ရှိမှာ နွားတွေကို စျေးနှိမ်ဝယ်ယူမှုတွေ ရှိနေပေမယ့်လည်း အခက်အခဲတွေရှိနေလို့ ရတဲ့စျေးနဲ့ ထုတ်ရောင်း ရတာတွေ ရှိနေတယ်လို့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံတွေက ပြောပါတယ်။

“ပွဲစားတွေရော၊ ကုမ္ပဏီတွေရော လိုက်ဝယ်နေကြတယ်။ အကောင်ရာလိုက်ရော၊ တစ်ကောင်စ၊ နှစ်ကောင် စရော။ စျေးကတော့ အရမ်းနှိမ်တယ်။ အကောင်လှလို့ ၁၂ သိန်းလောက်တန်တဲ့ဟာကို ၇ သိန်းလောက်ပဲပေးတယ်။ မတတ်နိုင်ဘူးလေ။ ငွေက အရမ်းလိုနေတော့ ရောင်းရတာပဲ။ စားရေးသောက်ရေးက ရှိသေးတယ်။ အခုက မြေဩဇာဘာညာက စျေးကအရမ်းကြီးတော့ ရသလောက် စိုက်ထားပေမယ့် မျှော်လင့်ချက်တော့ သိပ်မရှိပါဘူး။ လက်ထဲ ငွေသုံးစရာမရှိတော့ ရှိတဲ့ နွားတွေထဲက တစ်ကောင်နှစ်ကောင် အဲ့လိုမျိုး ထုတ်ရောင်းလိုက်ကြတာပဲ။ ဒီမှာတော့ အများစုက ဒီလိုပဲ စျေးမရပေမယ့် ရတဲ့စျေးနဲ့ ထုတ်ရောင်းနေရတယ်။”လို့ တောင်သာမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

နွားထီးတွေပဲ အရောင်းအဝယ်ဖြစ်နေပြီး ကြိုက်ရောင်းကြိုက်ဝယ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ နွားအလှ အဖြစ် ဝယ်သူတွေရှိသလို အကောင်ဆယ်ဂဏန်း၊ ရာဂဏန်းအုပ်လိုက်ဝယ်သူတွေကတော့ အသားဖော်ဖို့ အတွက် ဖြစ်တယ်လို့ ပခုက္ကူ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ နွားလှရင်၊ လက္ခဏာကောင်းရင်ကောင်းသလို၊ နုရင်နုသလိုတော့ စျေးကောင်းရပါတယ်။ အသားဖော်ဖို့အတွက် ဝယ်တဲ့ ကောင်တွေကျတော့ စျေးနှိမ်ခံရတာပေါ့။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသတွေမှာ နွားဝယ်လိုသူတွေက အကောင်ရေ ထောင်ဂဏန်းအထိ လိုက်လံဝယ်ယူမှုတွေရှိနေပြီး အဓိကတော့ နွားထီး အကောင်ကြီးတွေကို သီးသန့်လိုက်ဝယ်နေကြတာလို့ သိရပါတယ်။

လီလီ

တောင်သာ၊ အောင်တိုဘာ ၂