【 ပြည်တွင်း 】မကာအိုမှာပြုလုပ်မယ့် ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲတွင် မြန်မာပြခန်ပေါင်း (၂၀)ပါဝင်ပြသဖို့ ဖိတ်ခေါ်ထား

【 ပြည်တွင်း 】မကာအိုမှာပြုလုပ်မယ့် ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲတွင် မြန်မာပြခန်ပေါင်း (၂၀)ပါဝင်ပြသဖို့ ဖိတ်ခေါ်ထား

မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ မကာအိုမြို့မှာ ယခုနှစ်ဇူလိုင်လကုန်ပိုင်းမှာပြုလုပ်မယ့် ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲတွင် မြန်မာပြခန်ပေါင်း (၂၀)ခန်း ပါဝင်ပြသဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

မကာအိုမြို့ရှိ Galaxy International Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ အထိ (၁၅) ကြိမ်မြောက်ကျင်းပပြုလုပ်မည့် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ - ၂၀၂၃ ( 15th Guangdong and Macao Branded Products Fair 2023 – GMBPF )သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထားတာဖြစ်ပါတယ်။

အဆိုပါပြပွဲ၌ မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ကျောက်မျက် ရတနာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာနှင့် အခြားကုန်စည်များအား လာရောက်ပြသနိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။ ထို့အတူ ကွမ်တုံ-ဟောင်ကောင်-မကာအိုဒေသနှင့် မြန်မာနိုင်ငံတို့အကြားခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်မည်ဖြစ်ကာ အပြန်အလှန်စီးပွားရေး ချိတ်ဆက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအားဗဟိုပြု၍ တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း တစ်လျှောက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ ပြပွဲ၏ မြန်မာနိုင်ငံဆိုင်ရာပြခန်းတွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအတွက် ပြခန်းပေါင်း (၂၀) ခန်း ရရှိမည်ဖြစ်ကာ ပြခန်း (၁) ခန်းအတွက် မကာအိုဒေါ်လာ ၁,၄၀၀ (အမေရိကန်ဒေါ် လာ ၁၇၄.၄၅) ကို ပေးသွင်းရ မည်ဖြစ်ကြောင်း၊ ပါဝင်ပြသသူ (၁) ဦးလျှင် ပြခန်း(၁)ခန်း ရရှိမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုထားသော ပြခန်း (၁) ခန်းစီအတွက် လာရောက်ပြသမည့် ကုန်စည်များတင်ပို့ရန် (အပြန်သယ်ယူပို့ဆောင်စရိတ်မပါ) မကာအိုဒေါ်လာ ၃,၀၀၀ ထောက်ပံ့မည် ဖြစ်ကြောင်း သိရပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇွန် ၁၀