【 ပြည်တွင်း 】မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို အချက်အလက်များ မှန်ကန်စွာမှတ်ပုံတင်အသုံးပြုဖို့ ထုတ်ပြန်

【 ပြည်တွင်း 】မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို   အချက်အလက်များ မှန်ကန်စွာမှတ်ပုံတင်အသုံးပြုဖို့ ထုတ်ပြန်

မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို   အသုံးပြုရာမှာ အချက်အလက်တွေ  မှန်ကန်စွာမှတ်ပုံတင်ပြီး အသုံးပြုဖို့ ဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
ယင်းထုတ်ပြန်ချက်မှာ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာနက ဆင်းမ်ကတ်များ စနစ်တကျ ဝယ်ယူအသုံးပြုဖို့နဲ့  မှန်ကန်စွာမှတ်ပုံတင် သုံးစွဲရေးတို့အတွက် အသိပညာပေးကြေညာချက်ထုတ်ပြန်ရာမှာ  “SIM Card မှတ်ပုံတင်မှုပြုလုပ်တဲ့အခါ   ဖြည့်စွက်ထားတဲ့  အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနဲ့  ပြည်သူ့ အင်အားဝန်ကြီးဌာနမှ e-ID Data Base အချက်အလက်တွေနဲ့  တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း” ဖော်ပြထားတာကိုတွေ့ရတယ်လို့ ပါရှိပါတယ်။ 
ဒါကြောင့်  မိုဘိုင်းဖုန်းဆင်းမ်ကတ် ကိုင်ဆောင်သုံးစွဲသူတိုင်း မိမိတို့ရဲ့ အမည်နဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်တို့ကို မှန်ကန်စွာဖြည့်စွက်ပြီး စနစ်တကျမှတ်ပုံတင်ကာ သုံးစွဲကြရမှာဖြစ်ကြောင်း၊ မှန်မှန်ကန်ကန် ပြန်လည်ပြင်ဆင် မှတ်ပုံတင်နိုင်ရန်အတွက် သက်ဆိုင်ရာအော်ပရေတာတွေနဲ့  ဆင်းမ်ကတ်ရောင်းချသူများထံ အွန်လိုင်းဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်သို့သွားရောက် ၍လည်းကောင်း ဆက်သွယ်ဆောင်ရွက်ကြဖို့ လိုတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုကို  ဆင်းမ်ကတ်နှစ်ခုဝယ်ယူသုံးစွဲနိုင်ပြီး  စနစ်တကျ မှတ်ပုံတင်သုံးစွဲခြင်းဖြင့် မိုဘိုင်းဖုန်းကိုအသုံးပြုကာ  ကျူးလွန်တဲ့  ရာဇဝတ်မှုခင်းတွေ  လျော့နည်းကျဆင်းသွားနိုင်ပြီး  မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်  သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာများ၊ နိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော မိုဘိုင်းဆင်းမ်ကတ်ကိုင်ဆောင်သုံးစွဲသူတွေနဲ့ သက်ဆိုင်ရာဦးစီးဌာနတို့က ဆင်းမ်ကတ်များစနစ်တကျ ဝယ်ယူအသုံးပြုနိုင်ရေး၊  မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အလေးအနက် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ် ။
၂၀၂၂ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့အထိ  မြန်မာနိုင်ငံမှာ  လူဦးရေ ၅၅ သန်းခန့်ရှိပြီး မိုဘိုင်းဆင်းမ်ကတ် သုံးစွဲမှု သန်း ၇၀ ခန့်ရှိတယ်လို့လည် ထုတ်ပြန်ထားပါတယ်။
 
ရန်ကုန်၊စက်တင်ဘာ ၂၀