【 ပြည်တွင်း 】ယခုနှစ် ငရုပ်သီး အခြောက်စျေးနှုန်း စျေးကောင်းရဖို့ ငရုပ်စိုက်တောင်သူတွေမျှော်မှန်းထား

 【 ပြည်တွင်း 】ယခုနှစ် ငရုပ်သီး အခြောက်စျေးနှုန်း စျေးကောင်းရဖို့ ငရုပ်စိုက်တောင်သူတွေမျှော်မှန်းထား

ယခုနှစ် ငရုပ်သီးထွက်ရှိမဲ့ရာသီမှာ ငရုပ်သီးအခြောက်စျေးနှုန်းက စျေးကောင်းရရှိဖို့ မျှော်မှန်း ထား တယ်လို့ ငရုပ်စိုက်တောင်သူတွေထံက သိရပါတယ် ။
ငရုပ်သီးခြောက်စျေးနှုန်းတွေက  ၂၀၁၉ခုနှစ်နဲ့ ၂၀၂၀ပြည့်နှစ်တွေမှာ တစ်ပိဿာကို အမြင့်ဆုံး ကျပ် ၄၀၀၀(လေးထောင်)သာပေါက်စျေးရှိခဲ့ပေမယ့် ၂၀၂၁နှစ်နဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ တစ်ပိဿာကို ကျပ် ၃၀၀၀၀(သုံးသောင်း)အထိပေါက်စျေးရှိတာကြောင့် နှစ်နှစ်အတွင်းစျေးနှုန်း ၈ ဆခန့် မြင့်တက်လာခဲ့ကြောင်း၊  ဒီနှစ်ငရုပ်သီးထွက်ရှိတဲ့ရာသီမှာလဲ ငရုပ်သီးအခြောက်စျေးနှုန်းက ထပ်မံမြင့်တက်လာနိုင်တဲ့အတွက်  စျေး ကောင်းရရှိနိုင်တယ်လို့ ငရုပ်စိုက်တောင်သူတွေက မျှော်မှန်းထားကြတာဖြစ်တယ်လို့ သိရပါတယ်။
 “ငရုပ်သီးခြောက် တစ်ပိဿာစျေးနှုန်းက လက်ရှိအချိန်အထိတောင် အမျိုးအစားပေါ်မူတည်ပြီး တစ် ပိဿာကို ကျပ် ၂၅၀၀၀ကနေ ၃၀၀၀၀ကျပ်ထိပေါက်စျေးရှိတယ်။ ငရုပ်သီးအခြောက်က မီးဖိုချောင်အတွက် ဟင်းလျာချက်ပြုတ်ရာမှာ မရှိမဖြစ်အသုံးရတယ်။ဒါကြောင့် ဒီနှစ်မှာလည်း အခြေခံကုန်စျေး နှုန်းတွေနဲ့အပြိုင်  ငရုပ်သီးအခြောက်စျေးနှုန်းကလည်း မြင့်တက်လာမယ်လို့ မျှော်မှန်းထားတယ်”လို့ ဧရာ၀တီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ရှိ ငရုပ်စိုက်တောင်သူ ဦးကျင်သောင်းက ပြောပါတယ်။
 လက်ရှိမှာ ငရုပ်သီးစျေးနှုန်းတွေမြင့်တက်ပေမယ့်လည်း ငရုပ်စိုက်ပျိုးရာမှာ အသုံးပြုရတဲ့ အပင်အား တိုးစျေး၊ အသီးအားတိုးဆေးနဲ့ ပိုးသတ်စျေးတွေရဲ့စျေးနှုန်းက မြင့်တက်လာလို့ တောင်သူတွေအတွက် အမြတ် အစွန်းသိပ်မကျန်ဘူးလို့ ငရုပ်စိုက်တောင်သူတွေက ပြောပါတယ်။
 “ငရုပ်သီးစျေးတွေတက်တယ်ဆိုတာကလည်း အသုံးပြုရတဲ့ အပင်၊အရွက်အသီးအပွင့် အားစျေးတွေ က လည်း သုံးလေးဆလောက်မြင့်တက်လာတယ်။အရင်က ငရုပ်တစ်ဧကကို  ကုန်ကျစရိတ်က ၅သိန်းလောက်ပဲရှိ တယ်။အခုက ကုန်ကျစရိတ်က တစ်ဧကို ၁၀သိန်းလောက်ရှိတယ်။စျေးတက်ပေမယ့် အမြတ်အစွန်းကသိပ် မကျန် ဘူး”လို့ ဧရာ၀တီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ ငရုပ်စိုက်တောင်သူ ဦးဖြိုးဝေလင်း ကပြောပါတယ်။
 ငရုပ်ကို မြန်မနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးကြပြီး ငရုပ်စိုက်ပျိုးတဲ့ မျိုးစေ့ အမျိုးအစားပေါ်မူတည်ပြီး ငရုပ်တစ်ဧကကို ပိဿာချိန် ၃၀၀မှ ၄၀၀ကျော်အထိထွက်ရှိတယ်လို့ ငရုပ်စိုက်တောင်သူတွေထံက သိရပါတယ်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၇