【 ပြည်တွင်း 】ယခုဘဏ္ဍာနှစ်တွင် တရုတ်နယ်စပ်အပါအဝင် နယ်စပ်စခန်း ၁၇ ခုမှ ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ သန်း ၇၆၀၀ ကျော် ရရှိထား

【 ပြည်တွင်း 】ယခုဘဏ္ဍာနှစ်တွင် တရုတ်နယ်စပ်အပါအဝင် နယ်စပ်စခန်း ၁၇ ခုမှ  ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ  သန်း ၇၆၀၀ ကျော် ရရှိထား

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ၁၁လနီးပါးကာလအတွင်း တရုတ်နယ်စပ်အပါအဝင် နယ်စပ်စခန်း ၁၇ ခုမှ  ကုန်သွယ်မှု စုစုပေါင်းကန်ဒေါ်လာ  သန်း ၇၆၀၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။

တရုတ်နယ်စပ်အပါအဝင် နယ်စပ်စခန်း ၁၇ ခုမှ  ကုန်သွယ်မှုအနေနဲ့ ၂၀၂၂ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၅၄၀၀ ကျော်ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာသန်း ၂၂၀၀ ကျော် ရှိခဲ့တာဖြစ်ပါတယ်။ 

အဲဒီထဲမှာ မြန်မာ - တရုတ် နယ်စပ်စခန်း(၅) ခုမှ ပို့ကုန်သွင်းကုန်ပေါင်း ကန်ဒေါ်လာ သန်း ၂၆၀၀ ကျော်နဲ့ မြန်မာ - ထိုင်း နယ်စပ်စခန်း(၇) ခုမှ ကုန်သွယ်မှုပေါင်း ကန်ဒေါ်လာသန်း ၄၉၀၀ ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးစခန်း (၂) ခုမှ ပို့ကုန်သွင်းကုန်ပေါင်း ကန်ဒေါ်လာ ၂၈ သန်းကျော်၊  မြန်မာ-အိန္ဒိယ နယ်စပ်စခန်း(၂) ခုတွင် တမူးကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုကန်ဒေါ်လာ ၁၅ သန်းကျော်ရှိခဲ့ပြီး ရိဒ်ကုန်သွယ်ရေးစခန်းမှာမူ ကုန်သွယ်ထားခြင်းမရှိတာ တွေ့ရပါတယ်။

အခြားကုန်သွယ်ရေးစခန်းဖြစ်တဲ့ မြန်မာ -လာအို ကုန်သွယ်ရေးစခန်း (၁) ခုသည်လည်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ထိစာရင်းအရ ကုန်သွယ်ထားခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် နယ်စပ်စခန်းတွေကတစ်ဆင့် ကုန်သွယ်မှုအနေနဲ့ မြန်မာ - တရုတ် ကုန်သွယ်ရေးမှာ တရုတ်နယ်စပ် စခန်း(၅) ခုဖြစ်သည့် မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကံပိုင်တည်၊ကျိုင်းတုံ အစရှိသည့်စခန်းများမှ လည်းကောင်း ၊မြန်မာ - ထိုင်းကုန်သွယ်ရေးတွင် တာချီလိတ်၊မြဝတီ၊ကော့သောင်း၊မြိတ်၊ထီးခီး၊မောတောင်၊မယ်စဲ့ စသည့် စခန်း (၇)ခုမှလည်းကောင်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုတွင် စစ်တွေ၊မောင်တော စသည့် ကုန်သွယ်စခန်းများမှလည်းကောင်း ၊မြန်မာ - လာအို ကုန်သွယ်ရေးအတွက် ကျိုင်းလပ်ကုန်သွယ်ရေး စခန်းမှလည်းကောင်း  အသီးသီးကုန်သွယ်မှုရှိနေကြတာဖြစ်ပါတယ်။

၀၀၅

ရန်ကုန်၊ မတ် ၁၉