【 ပြည်တွင်း 】ရည်ညွှန်းစျေးထက် နှစ်ဆကျော်ဖြစ်နေတဲ့ စားအုန်းဆီစျေးကွက်

【  ပြည်တွင်း 】ရည်ညွှန်းစျေးထက် နှစ်ဆကျော်ဖြစ်နေတဲ့ စားအုန်းဆီစျေးကွက်

ပြည်တွင်းဆီစျေးကွက်ထဲမှာ စားအုန်းဆီစျေးနှုန်းတွေဟာ သတ်မှတ်ရည်ညွှန်းစျေးတွေထက် နှစ်ဆကျော်မြင့်တက်နေတဲ့ အခြေအနေမျိုးကြုံနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့က လက်လီစျေးများအတွင်းမှ သိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လလယ်လောက်မှာ လက်လီစျေးကွက်ထဲ စားအုန်းဆီတစ်ပိဿာကို ၇၂၀၀ ကျပ်မှ ၇၅၀၀ ကျပ်ကြားသာ ရှိနေရာမှ ယခုဇူလိုင်လကုန်ပိုင်းမှာ ၈၄၀၀ ကျပ်မှ ၈၆၀၀ ကျပ်ကြား မြင့်တက်လာခဲ့ပါတယ်။ “စားဆီစျေးက တက်နေတာပါ၊ အစ်မတို့လည်း ရောင်းရတာအဆင်မပြေပါဘူး၊ ကိုယ်ကပြန်ဝယ်လိုက်တိုင်း စျေးတက်နေတော့ အမြဲကိုတက်စျေးနဲ့ကို ဖြစ်နေတယ်”လို့လည်း ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံအတွင်း စားအုန်းဆီလက်လီ၊လက္ကားဒိုင်မှ ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။

ပြည်တွင်းမှာရောင်းချတဲ့ စားအုန်းဆီတွေနဲ့ပတ်သက်လို့ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ရည်ညွှန်းစျေးနှုန်းတွေကို အပတ်စဉ်ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်အထိုင် လက်ကားဈေးကို တစ်ပိဿာ  ၃၆၆၅ ကျပ်သတ်မှတ်ခဲ့သလို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အတွင်းကာလကိုလည်း ၃၆၆၅ ကျပ် စျေးဖြင့်သာ ဆက်လက်ထုတ်ပြန်ထားပါတယ်။

“ကျွန်မတို့ဝယ်တာတောင် ၄၀၀၀ အောက်ကို ဘယ်လိုမှ မရဘူးလေ၊ ဝယ်စျေးကိုက ၈၀၀၀ အထက်မှာပဲရှိနေတာ၊ ပြန်ရောင်းတဲ့အခါ သိပ်လည်းမကျန်ဘူး၊ ဝယ်လိုက်တိုင်း စျေးမြင့်နေလို့ အများကြီးဝယ်လှောင်တာမျိုးလည်း မလုပ်ရဲဘူး၊ ဘာလို့လဲဆိုတော့ သူကကြာလာရင် ဆီချေးစော်နံရော၊ အဲ့ဒီအခါဝယ်သူမရှိရင်ရှုံးမှာလေ”လို့လည်း ၎င်းက ရှင်းပြပါတယ်။ ရန်ကုန်လက်လီစျေးကွက်ထဲမှာ စားအုန်းဆီဟာ အရင်အပတ်ထက် တစ်ပိဿာကို ကျပ် ၁၀၀၀ ကျော်လောက် မြင့်တက်လာ ခဲ့သလို ဝယ်လိုအားရှိနေတဲ့ ဆီအမျိုးအစားလည်းဖြစ်လို့နေပါတယ်။

“စျေးသက်သာအောင်ဆိုရင် တနေကုန်အလုပ်မလုပ်ဘဲ ကားနဲ့လိုက်ရောင်းတဲ့နေရာတွေဆီသွားတန်းစီပြီး ဝယ်ရမလိုပဲ၊ ဒါတောင် ဝယ်ချင်တိုင်းမရောင်းပေးဘူး၊ တစ်ယောက်ကို ၅၀ သားစီပဲရောင်းပေးတာ၊ တစ်ခါဝယ်ပြီး နောက်ထပ်ဝယ်လို့ မရဘူး၊ တစ်ခါခါဝယ်ရဖို့ တန်းစီရတာလည်း မလွယ်ဘူး၊ အဆင်မှမပြေတာလေ၊ စျေးကြီးလည်း ဝယ်သုံးနေရတာပဲ”လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်အချို့မှာတော့ မိသားစုဦးရေအများအပြားရှိသူတွေဟာ ဝန်ဆောင်ခကြေးငွေအဖြစ်ဖြင့် ဆီများကိုလိုက်လံတန်းစီကာ ဝယ်ယူကြရတဲ့အခြေအနေမျိုးဖြစ်လာပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၇