【 ပြည်တွင်း 】ရန်ကုန်စျေးကွက်အတွင်း Mask စျေးနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်လာ

【 ပြည်တွင်း 】ရန်ကုန်စျေးကွက်အတွင်း Mask စျေးနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်လာ

ရန်ကုန်မြို့က စျေးကွက်ထဲမှာ Mask တွေဟာ ယခုလလယ်ပိုင်းလောက်ကစလို့ စျေးအနည်းငယ်ပြန်လည်မြင့်တက် လာတယ်လို့ ဆေးဝါးပစ္စည်းအရောင်းဆိုင်တွေကနေ သိရပါတယ်။

“လူတွေက ကိုဗစ်ဖြစ်တဲ့သူတွေပြန်များလာတယ်ဘာညာလည်းကြားရော mask တွေ အတင်းလိုက်ဝယ်ရင်း စျေးနည်းနည်း တက်လာတာ၊ ကျွန်တော်တို့ ဒိုင်ကနေယူစျေးတောင်တက်လာတယ်”လို့လည်း ဆေးဝါးပစ္စည်းအရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ mask ဝယ်ယူသူများနေပေမယ့် ယခင်ကအခြေအနေတွေလိုမဟုတ်ဘဲ အထိုက်အလျောက်သာ ပြန်လည်ရောင်းချနေကြရတာဖြစ်ပါတယ်။ “အရင်နဲ့တော့ ကွာတာပေါ့၊ ဒါပေမဲ့လည်း ဟိုအရင်လတွေနဲ့နှိုင်းယှဉ်ကြည့်ရင်တော့ mask တွေက ပြန်ရောင်းလာရတာလေ၊ ဟိုးအရင်းလိုတော့ ပစ္စည်းပြတ်တဲ့အထိတော့ ရောင်းရတာမျိုးတော့မဟုတ်ဘူး”လို့လည်း ၎င်းက ဆက်လက်ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ကူးစက်ခံရတဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းလောက်မှာ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်တဲ့အထိ Mask တွေ ရောင်းအားကောင်းခဲ့ပြီး ထိုစဉ်က လိုသလောက်ဝယ်မရတဲ့အပြင် စျေးနှုန်းတွေလည်း အဆမတန်းထိုးတက်သွားခဲ့ကြောင်း၊ ယင်းအခြေအနေမှ နောက်ပိုင်းမှာ တဖြေးဖြေး စျေးအနည်းငယ်ပြန်လည်ကျဆင်းခဲ့ ပြီးနောက် အခု ၅၀ ပါ တစ်ဘူးလျှင် ငွေကျပ် ၇၀၀ လောက်အထိ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

ထို ၂၀၂၁ ခုနှစ်၊ ဇူလိုင်ထဲမှာ ကိုဗစ်ကြောင့် အောက်ဆီဂျင်များကျဆင်းကာ သေဆုံးသူလူနာတွေပြန်လည်မြင့်တက်လာချိန်မှာ Mask စျေးနှုန်းတွေ ပြန်လည် မြင့်တက်လာခဲ့ပြီး ယခင် ၇၀၀ တန်က ၂၅၀၀ မှ ၂၈၀၀ ကြားလောက်အထိ စျေးပြန်မြင့်တက်သွားခဲ့ကြောင်း၊ ယင်းမှ စျေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး တစ်ဘူးကို ၅၀၀ ကျပ်အထိ ပြန်ဖြစ်လာခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လ အလယ်လောက်မှာ လက္ကားစျေးကွက်အတွင်း သုံးလွှာ Face Mask အထူ အခု ၅၀ ပါ တစ်ဘူးလျှင် ၁၀၅၀ ကျပ်မှ ၁၂၀၀ ကျပ်ကြား၊ လက်လီစျေးကွက်အတွင်းမှာ ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ကြား၊ သုံးလွှာ ကလေးသုံး Face Mask အခု ၅၀ ပါ တစ်ဘူးလျှင် ၁၅၀၀ မှ ၁၈၀၀ ကျပ်ကြား၊ KN 94 Mask ၁၀ ခုပါ တစ်ထုပ်လျှင် ၈၅၀ ကျပ်မှ ၁၀၀၀ ကျပ်ကြား၊ Medical N 95 Mask ၁၀ ခုပါ တစ်ထုပ်လျှင် ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ်ကြား စတဲ့ စျေးနှုန်းတွေဖြစ်လာတာကို စျေးကွက်ထဲမှာ တွေ့လာရပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၆