【 ပြည်တွင်း 】ရန်ကုန်တွင်ညဉ့်နက်ချိန် ကားမှန်ရိုက်ခွဲခံရတဲ့ဖြစ်ရပ်များကြုံတွေ့လာ

【 ပြည်တွင်း 】ရန်ကုန်တွင်ညဉ့်နက်ချိန် ကားမှန်ရိုက်ခွဲခံရတဲ့ဖြစ်ရပ်များကြုံတွေ့လာ

ရန်ကုန်မြို့က မြို့နယ်အချို့မှာ ညဉ့်နက်အချိန်တွေ ကားမှန်ရိုက်ခွဲခံရတဲ့ ဖြစ်ရပ်မျိုးကြုံလာရပြီး ယာဉ်ပိုင်ရှင်တွေအနေနဲ့ စိုးရိမ်လာကြတဲ့အခြေအနေမျိုးဖြစ်လာတယ်လို့ သိရပါတယ်။

“ညဉ့်နက်ချိန်တွေမှာကြုံရတာ၊ ကျွန်တော့ကားတုန်းကတော့ အရှေ့လေကာမှန်ကို ထုသွားတာ”လို့ သင်္ဃန်းကျွန်းမြို့နယ် နေသူတစ်ဦးက ဆိုပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်သူတွေအများစုဟာ နေရာအခက်အခဲအရလည်းကောင်း၊ အချို့မှာ အခကြေးငွေဖြင့် ရပ်တန့်ထားနိုင်တဲ့ နေရာရှိပေမယ့် အလွယ်တကူအဖြစ် မိမိတို့နေအိမ်တိုက်ခန်းတွေအနီး လမ်းဘေးမှာ အိမ်စီးကားတွေကို ညအိပ်ရပ်နားလေ့ရှိကြပါတယ်။

“အခုက ကားဘက်ကြည့်မှန်ဖြုတ်ခိုးမှာလည်းကြောက်ရ၊ မှန်ကိုထုရိုက်ခွဲခံရမှာလည်းကြောက်ရနဲ့ဗျာ၊ စိုးရိမ်စိတ်နဲ့ နေရတဲ့ အနေအထားပါ”လို့လည်း ၎င်းကပြောဆိုခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာလည်း ရန်ကုန်ရဲ့ Downtown ဧရိယာလို့ခေါ်နိုင်သော ပုဇွန်တောင်မြို့နယ်ထဲမှာ ရပ်တန့်ထားတဲ့ အိမ်စီးကားတစ်စီးကို နံနက် ၄နာရီခွဲအချိန်ခန့်မှာ မှန်ရိုက်ခွဲ ခံရတဲ့ဖြစ်ရပ်မျိုးကြုံရတယ်လို့ ကိုယ်တိုင်ကြုံသူတွေက လူမှုကွန်ရက်မှာ အသိပေးဖော်ပြကြပြန်ပါတယ်။

ထိုကဲ့သို့ မှန်ရိုက်ခွဲသူတွေအများစုဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ သိရှိလိုက်သူနည်းပါးတတ်ပြီး အချို့မှာ လမ်းပေါ်လေလွင့်သူတွေနဲ့ အခြေအနေမဲ့သူတွေပါဝင်တာကိုလည်း တွေ့ရှိကြရကြောင်း၊ အလျော်မရတဲ့အပြင် အလဟသ နစ်နာဆုံးရှုံးမှုတွေ ကြုံရတဲ့အတွက် အာမခံထားတာမျိုးနဲ့ကာကွယ်လုပ်ဆောင်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဘက်မှာက လမ်းဘေးခွေးလေခွေးလွင့်တွေ အများကြီးရှိနေတာ ကံကောင်းတယ်ပြောရမလားပဲ၊ ညဘက်သူစိမ်းတွေလမ်းထဲတွေ့ရင် ဆူညံနေအောင် ဟောင်ကြတာ၊ ကားဘက်မှန်ဖြုတ်ခိုးတာမျိုးလည်း မကြုံသလို မှန်ခွဲခံရတာမျိုးလည်းမကြုံဘူး၊ ခက်တာက ညဘက်ဆိုရင် ကားဘောနက်စ်ဖုံးပေါ်တက်တက်အိပ်ကြတယ်၊ တချို့ဆိုရင် ခေါင်မိုးပေါ်တက်အိပ်ကြတယ်၊ ရော်ဘာပြားနဲ့ သံထောင်တာမျိုး၊ ခုံတွေနဲ့ကာတာမျိုးနဲ့ သူတို့မတက်အောင်တော့ လုပ်ထားရတာပေါ့”လို့လည်း ရန်ကုန်မြို့၊ အလုံမြို့နယ် ဆင်ရေကန်လမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

ထိုဖြစ်ရပ်တွေဟာ အရင်ကသိပ်မရှိပေမယ့် ၂၀၂၁ ခုနှစ်ထဲမှာ စတင်ကြုံလာရပြီး ယခုနောက်ပိုင်းမှာ ကြုံတွေ့ရတဲ့ အခြေအနေဟာ ပိုမိုများလာတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၅