【 ပြည်တွင်း 】ရန်ကုန်ရှိ မြို့နယ်အများစုမှာ ငွေကြေးလိုက်လံတောင်းသူ ယခင်ကထက် များလာ

【 ပြည်တွင်း 】ရန်ကုန်ရှိ မြို့နယ်အများစုမှာ  ငွေကြေးလိုက်လံတောင်းသူ ယခင်ကထက် များလာ

 ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အများစုမှာ စီးပွားရေးကျပ်တည်းမှုနဲ့အတူ အလုပ်အကိုင်အဆင်မပြေမှုတွေ များလာတာကြောင့် ငွေကြေးလိုက်လံတောင်းရမ်း သူတွေဟာ အရင်ကထက် သိသိသာသာ များလာတယ်လို့ ရန်ကုန်မြို့နေထိုင်တဲ့ ပြည်သူတွေထံက သိရပါတယ်။

 ရန်ကုန်ရှိ မြို့နယ်အများစုက လူစည်ကားရာနေရာတွေ၊  စျေးတွေ၊ YBS ကားမှတ်တိုင်တွေ၊ YBS ယာဉ်လိုင်းပေါ်တွေနဲ့ မီးပွိုင့်တွေမှာ ငွေကြေး လိုက်လံတောင်းရမ်းတဲ့ သူတွေကို ယခင်ကထက် ပိုမိုများပြားစွာ မြင်တွေ့ လာရတယ်လို့ ရန်ကုန်မြို့မှာနေထိုင်သူတွေထံကသိရပါတယ်။

“အရင်ကပိုက်ဆံလိုက်လံတောင်းရမ်းတဲ့သူတွေရှိပေမယ့် အခုလောက်တော့မများဘူး၊ အခုကတော်တော်ကို သိသာလာတယ်၊  လိုက်လံ တောင်းတဲ့သူတွေက အရင်ကဆို သက်ကြီးရွယ်အိုနဲ့ ကလေးတွေလောက် ပဲရှိတာ၊ အခုက သက်ကြီးရွယ်အိုရော၊ ကလေးရော၊ လူလတ်ပိုင်း အရွယ်တွေရော မြင်တွေ့လာရတယ်”လို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ ဦးလှသန်းက ပြောပါတယ်။

အရင်က ငွေကြေးလိုက်လံတောင်းရမ်းသူများကို  အနည်းငယ်သာမြင်တွေ့ရပြီး ယခုအခါ ရန်ကုန်မြို့လယ်တွင် သာမက ဆင်ခြေဖုံးရပ်ကွက်များမှာပါ ငွေကြေးလိုက်လံတောင်းရမ်းသူများလာကြောင်း၊ အချို့သော  ငွေကြေးတောင်းရမ်းသူများမှာ တစ်ဦးတည်းမဟုတ်ပဲ အုပ်စုလိုက်တောင်းရမ်းသူတွေရှိသကဲ့သို့  မိသားစု လိုက်တောင်းရမ်းသူမှုတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေထံကသိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၇