【 ပြည်တွင်း 】ရန်ကုန်-မန္တလေး လေအိတ်ရထား တစ်ပတ်လျှင်အသွားတစ်ကြိမ်၊ အပြန်တစ်ကြိမ်သာ ပြေးဆွဲနေ

【 ပြည်တွင်း 】ရန်ကုန်-မန္တလေး လေအိတ်ရထား တစ်ပတ်လျှင်အသွားတစ်ကြိမ်၊ အပြန်တစ်ကြိမ်သာ ပြေးဆွဲနေ

ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ အမှတ် ၅ အဆန်၊ ၆ အစုန် လေအိတ်ရထားကို ယခုဩဂုတ်လ ၆ ရက်မှ စတင်ကာ အရင်လို နေ့စဉ်ပြေးဆွဲတာမျိုးမဟုတ်တော့ဘဲ ရန်ကုန်မှ အဆန်တစ်ကြိမ်နဲ့ မန္တလေးမှ အစုန်တစ်ကြိမ်နှုန်းစီသာ ပြောင်းလဲပြေးဆွဲနေတာဖြစ်တယ်လို့ ရထားစီးခရီးသည်တွေဆီက သိရပါတယ်။

အဆိုပါရထားဟာ လွန်ခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှ စတင်ပြေးဆွဲခဲ့ဖြစ်သလို ပြေးဆွဲတာတစ်လမပြည့်ခင်မှာ ရန်ကုန် ဘက်မှ အဆန်ခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့နဲ့ မန္တလေးမှ အစုန်ခရီးကို အပတ်စဉ် သောကြာနေ့သာ ထွက်ခွာနေတာဖြစ်တယ်လို့ ခရီးသည်တွေက ပြောဆိုကြပါတယ်။

“ဒီအချိန်မှာ ကားခတွေဈေးကြီးလို့ ရထားကို အားကိုးရမလားအောက်မေ့တယ်၊ ရထားက အရင်လိုမဟုတ်ဘဲ လျှော့လိုက်တဲ့အနေအထားဖြစ်နေတယ်၊ ရထားလက်မှတ်ကိုလည်း ကားလက်မှတ်တွေဝယ်သလိုမျိုး အလွယ်တကူနဲ့ဝယ်လို့ရအောင် လုပ်ပေးနိုင်ရင် စီးနင်းသူပိုများလာမှာအသေအချာပဲ”လို့လည်း ရထားအမြဲစီးနေတဲ့ ခရီးသည်တစ်ဦးက ပြောပြပါတယ်။

ထို့အတူ ရန်ကုန်-မန္တလေး ၁ အဆန်၊ ၂ အစုန် စာပို့ရထားဟာလည်း ယခင်လိုနေ့စဉ်မပြေးဆွဲတော့ဘဲ တစ်ရက်ခြားအဖြစ်ဖြင့်သာ ပြေးဆွဲနေတယ်လို့ သိရပါတယ်။

Photo: CJ

ရန်ကုန်၊ ဩဂုတ် ၇