【 ပြည်တွင်း 】ရွှေစျေးကွက်အတွင်း စျေးနှုန်းနှစ်ရပ်ဖြစ်လာ

【 ပြည်တွင်း 】ရွှေစျေးကွက်အတွင်း စျေးနှုန်းနှစ်ရပ်ဖြစ်လာ

ပြည်တွင်းရွှေစျေးကွက်ထဲမှာ ယခုအခါ စျေးနှုန်းနှစ်ရပ်အခြေအနေမျိုးကြုံနေပြီး ရွှေနဲ့လက်ဝတ်ရတနာ အရောင်းဆိုင် အများစုဟာ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံမျိုးဖြစ်လာတယ်လို့ ရန်ကုန်ရွှေစျေးကွက်အတွင်းမှ သိရပါတယ်။

အဆိုပါရွှေစျေးကွက်အတွင်းမှာ ရွှေဆိုင်အများစုက စျေးနှုန်းအခြေအနေတွေကို နေ့စဉ် လူမှုကွန်ရက်တွေကနေ အသိပေးလေ့ရှိပေမယ့် ယခုနောက်ပိုင်းမှာတော့ အသင်းရည်ညွှန်းစျေးနဲ့ ဆိုင်တွေရဲ့ အရောင်းအဝယ်လုပ်နေတဲ့စျေးအဖြစ် စျေးနှုန်းနှစ်ရပ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

“ပုံမှန်လုပ်နေကျဆိုင်ကိုပဲ ဖုန်းဆက်မေးကြည့်တာ၊ တော်တော်နဲ့ ဖုန်းမကိုင်ဘူး၊ နေ့ခင်းဘက်လောက် ထပ်ခေါ်တော့မှ ဖုန်းကိုင်တယ်၊ ဒီနေ့စျေးဘယ်လောက်လဲဆိုတော့ စျေးပြောင်းနေလို့ပြောမရဘူးတဲ့ ဆိုင်ကိုလူကိုယ်တိုင်လာပါဆိုပြီး ပြောတယ်”လို့လည်း ကိုယ်တိုင်ကြုံရသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းရွှေစျေးကွက်ထဲမှာ စျေးနှုန်းတွေဟာ ယခင်အမြင့်ဆုံးစျေးကို ကျော်လွန်၍ စံချိန်ချိုးမြင့်တက်သွားခဲ့ပြီး ဇူလိုင် ၂၆ ရက်က အကယ်ဒမီမီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၃ သိန်းကျော်အထိမြင့်တက်သွားခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်မှာလည်း ကျပ် ၂၂၅၀၀၀၀ မှ ကျပ် ၂၂၈၀၀၀၀ ကြားမှာ ရောင်းဝယ်နေကြသလို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းက ထုတ်ပြန်တဲ့စျေးနှုန်းမှာတော့ ကျပ် ၂၀၆၀၀၀၀ သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ရွှေဆိုင်အများစုမှာ အတုံးအခဲက ဝယ်မရတာကြာပြီ၊ ၁၆ ပဲရည် အခေါက်ရွှေတောင်မှ ဆိုင်တော်တော်များများမှာ မရှိဘူးလို့ပြောတယ်၊ ရွှေထည်တွေက ၁၅ ပဲရည်လောက်ပဲများတယ်”လို့လည်း ကိုယ်တိုင်ကြုံသူတစ်ဦးက ပြောပြပါတယ်။

ထို့အပြင်ဆိုင်အချို့မှာတော့ ၁၆ ပဲရည် အခေါက်ရွှေထည် လက်ဝတ်ရတနာများ ဝယ်လိုပါက ချက်ချင်းဝယ်မရဘဲ ပြန်လည်ရက်ချိန်းပေးပြောဆိုလေ့ရှိတယ်လို့လည်း ကိုယ်တိုင်ကြုံသူတွေက ဆိုကြပါတယ်။

ရန်ကုန်၊ ဇူလိုင် ၃၀