【 ပြည်တွင်း 】ရှီးပတီးရှာဖွေသူ ၈၀ ရာခိုင်နှုန်းလောက် တွက်ချေမကိုက်ဖြစ်၍အခက်ကြုံရ

【 ပြည်တွင်း 】ရှီးပတီးရှာဖွေသူ ၈၀ ရာခိုင်နှုန်းလောက် တွက်ချေမကိုက်ဖြစ်၍အခက်ကြုံရ

ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ ရေခဲတောင်တွေမှာ ရှီးပတီးရှာဖွေသူတွေအနက် ၈၀ ရာခိုင်နှုန်းလောက်ဟာ ယခုနှစ်မှာ တွက်ချေမကိုက်ဖြစ်ပြီး အခက်အခဲတွေကြုံရတယ်လို့ ဒေသခံရှီးပတီးရှာဖွေသူတွေဆီက သိရပါတယ်။

“ရှီးပတီး စျေးကောင်းကောင်းရတယ်လို့ ပြောကြပေမယ့် တကယ်တော့ လှတာတွေပဲ ဝယ်နေကြတဲ့အတွက် လှတဲ့ အကောင်တွေပဲ စျေးရတာပါ၊ ဒီနှစ်မှာက ရှီးပတီးရှာတဲ့အဖွဲ့တွေတော်တော်များများက မရကြဘူး၊ တချို့လည်း ၁ိကျပ်သား၊  ဝန်းကျင်လောက်ပဲရကြတယ်၊ အဲ့ဒီရတဲ့ ရှီးပတီးတွေကလည်း အကောင်ရောအရောင်ရောမလှတော့ အဝယ်မရှိဘူးလေ၊ ရှာဖွေဖို့ သွားရောက်လုပ်ကိုင်ရတဲ့ ကုန်ကျစရိတ်တွေမကာမိဘူး၊ အဖွဲ့တော်တော်များများ ဒီနှစ်မှာကြုံရတာပါ”လို့လည်း ဒေသခံ ရှီးပတီးရှာဖွေသူတစ်ဦးက ရှင်းပြပါတယ်။

ကချင်ပြည်နယ်ထဲက ရေခဲတောင်များရှိရာနေရာတွေအနက် ယခု ၂၀၂၂ ခုနှစ်မှာ ခါးလန်ဒေသနဲ့ မဒွယ်တောင်ဒေသ စတဲ့နေရာနှစ်ခုမှာသာ ထွက်ရှိခဲ့ပြီး မဒွယ်တောင်ဘက် တောင်ကြောတစ်လျှောက်မှာ ရှာတဲ့အဖွဲ့တွေပိုများတယ်လို့ သိရပါတယ်။ ထိုရှီးပတီးများဟာ စိုက်ပျိုးတာမျိုးမဟုတ်ဘဲ ရေခဲတောင်တွေမှာသဘာ၀အတိုင်း ပေါက်ရောက်နေတာကို ရှာဖွေကြရတာဖြစ်ပြီး ရှာဖွေတဲ့အဖွဲ့အများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ယခုနှစ်မှာ ရှီးပတီး မရကြသလို ရတဲ့အဖွဲ့တွေဟာလည်း လှပတဲ့ပုံစံမျိုးမဟုတ်တဲ့အတွက် ဝယ်သူမရှိတဲ့အခြေအနေကိုကြုံကာ ကုန်ကျစရိတ်မကာမိတာမျိုးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“လူတွေက အဆင်းလှတဲ့ ရှီးပတီးကိုပဲ အစစ်လို့ထင်နေကြတာ၊ သူကသဘာ၀က ရတာဆိုတော့ အရောင်အဆင်းက လှချင်မှ လှပါလိမ့်မယ်၊ ဒီနှစ်က ဘာကြောင့်မှန်းမသိဘူး၊ အရောင်တော်တော့်ကိုဆိုးတာ၊ ခါးလန်ဘက်က ရှာတဲ့သူတွေလောက်ပဲ နည်းနည်းပါးပါးရတယ်၊ ဒါကိုလည်း ဘယ်လောပန်ကမှလည်း စျေးကောင်းပေးဝယ်တာမျိုးမရှိဘူး၊ အရောင်မလှပေမယ့် အာနိသင်ကတော့ အတူတူပဲလေနော်”လို့လည်း အဆိုပါ ဒေသခံက ပြောပြခဲ့သည်။

ထိုရှီးပတီးများဟာ ဆေးဖက်ဝင်တာကြောင့် စျေးကွက်ထဲအရောင်းအဝယ်ရှိနေပြီး ပြည်ပဝယ်လက်တွေကလည်း စျေးကောင်းပေးကာ ဝယ်ယူလေ့ရှိသလို တစ်ကောင်လျှင် ဒေသပေါက်စျေး ကျပ် ၁၀၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

Photo: CJ

ရန်ကုန်၊ ဇူလိုင် ၃၀