【 ပြည်တွင်း 】လုယက်မှုတွေများလာလို့ ရန်ကုန်မှာ ရပ်ကွက်အချို့ ကိုယ်ထူ ကိုယ်ထ သတိပေးမှုတွေရှိလာ

【 ပြည်တွင်း 】လုယက်မှုတွေများလာလို့ ရန်ကုန်မှာ ရပ်ကွက်အချို့ ကိုယ်ထူ ကိုယ်ထ သတိပေးမှုတွေရှိလာ

လုယက်မှုမျိုးစုံနေ့စဉ် ကြားမြင်နေရတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာတော့  သွားလာနေတဲ့ အများပြည်သူတွေ သတိထားနိုင်အောင် လုယက်မှုသတိပြုသတိပေးစာတွေ ကပ်ထားတာမျိုးကို ဒီရက်ပိုင်း တွေ့လာနေရပါတယ်။
 
“အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်ဘက်က လူပြတ်တဲ့နေရာတွေမှာ ဒီလို သတိပေးစာရေးပြီး ဆိုင်းဘုတ်ထောင်ထားတာမျိုး၊ အပင်တွေမှာ မြင်သာအောင် ချိတ်ထားတာမျိုးတွေ တွေ့ရတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ အဓိက ဒီလို သတိပေးစာချိတ်ထားတဲ့ နေရာတွေက ဆိုင်ကယ်နဲ့ လုယက်မှုတွေ အဖြစ်များတဲ့ နေရာတွေပါ။ ဖြစ်လာရင်လည်း ပြည်သူအချင်းချင်း တတ်နိုင်သလောက် ဝိုင်းပြီး ကူညီကြပါလို့ ပြောချင်တယ်။ ဒီကောင်တွေ(လုယက်သူ)က အခုဆို ပိုအတင့်ရဲလာကြပြီ။”လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါ တယ်။
 
လုယက်မှုမျိုးစုံထဲမှာမှ ဆိုင်ကယ်နဲ့ အနားကပ်ပြီး ဆွဲကြိုးနဲ့လက်ဝတ်လက်စားတွေ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ အိတ်တွေကို ဆွဲလုထွက်ပြေးတာမျိုး၊ ဆိုင်ကယ်နဲ့ အုပ်စုဖွဲ့ ဓားထောက်လုယက်တာမျိုးတွေ ပိုဖြစ်လာတဲ့အတွက် အခုလို သတိပေးစာတွေကို ကပ်ထားကြတာဖြစ်တယ်လို့ သိရပါတယ်။
 
လူပြတ်တဲ့နေရာတွေနဲ့ လုယက်မှု အဖြစ်များတဲ့ နေရာတွေမှာ “ ဆိုင်ကယ်ဖြင့် လုယက်မှုများရှိနေသည်။ သတိပြုကြပါ။”ဆိုတဲ့ စာတန်းပါ သတိပေးစာတွေကို အများမြင်သာအောင် ကပ်ထားကြတာဖြစ်တယ်လို့ သိရပါတယ်။ 
 
“ အနည်းဆုံးတော့ ဒီလို စာကပ်ထားတဲ့နေရာတွေဆို ကြိုသတိထားလို့ရတာပေါ့။ ညပိုင်း ရုံးဆင်း၊ အလုပ် ဆင်းချိန်ဆိုရင်လည်း လူစုပြီးသွားတာမျိုး၊ အဲ့ဒီနေရာတွေကို ရှောင်ကွင်းပြီး လူအများရှိတဲ့လမ်းဘက်က သွားတာမျိုးလုပ်ပြီး အန္တရာယ်ကို ကြိုရှောင်လို့ ရတာပေါ့။”လို့ လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
လီလီ
 
ဓာတ်ပုံ- CJ

ရန်ကုန်၊ စက်တင်ဘာ ၂၈