【 ပြည်တွင်း 】လူမှုကယ်ဆယ်ရေး ပရဟိတအသင်းများရပ်တည်ရန်ခက်ခဲလာခြင်းကြောင့် အလှူငွေလိုက်လံကောက်ခံနေရဟုဆို

【 ပြည်တွင်း 】လူမှုကယ်ဆယ်ရေး ပရဟိတအသင်းများရပ်တည်ရန်ခက်ခဲလာခြင်းကြောင့် အလှူငွေလိုက်လံကောက်ခံနေရဟုဆို

ယခုအခါ စက်သုံးဆီစျေးများအပြင် အထွေထွေကုန်ကျစရိတ်များလည်း မြင့်တက်လာခဲ့ရာ ပြည်တွင်းက လူမှုကယ်ဆယ်ရေး ပရဟိတအသင်းများအနေဖြင့် ရပ်တည်ဖို့ခက်ခဲလာတဲ့အတွက် အသင်းတချို့မှ အလှူငွေလိုက်လံကောက်ခံမှုများဖြင့် လုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။

“ဘတ်ဂျက်တောင့်တဲ့ အသင်းတွေကတော့ ရပ်တည်နိုင်သေးတာမျိုးရှိပေမယ့် ကျွန်တော်တို့လို ဝါသနာပါလို့ တပိုင်တနိုင်ထူထောင်ထားတဲ့ အသင်းတွေကတော့ ရပ်တည်ဖို့တော်တော်လေး ခက်လာတယ်၊ အရင်ကဆိုရင် အလှူရှင်က လာလှူတာမျိုးလက်ခံတဲ့အနေအထားကနေ အခုကလိုက်ပြီးအလှူခံရတဲ့အနေအထားမျိုးဖြစ်လာတယ်”လို့လည်း လူမှုကယ်ဆယ်ရေး ပရဟိတအသင်းတည်ထောင်ထားသူတစ်ဦးက ရှင်းပြပါတယ်။

ထိုလူမှုကယ်ဆယ်ရေးအသင်းတွေဟာ မီးဘေး၊ ရေဘေး၊ ယာဉ်မတော်တဆမှုအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဘေးဒုက္ခကြုံတွေ့သူတွေကို ကူညီကယ်ဆယ်လေ့ရှိပြီး ဆေးရုံဆင်းလူနာများကို နယ်မြို့များအထိ အရောက်လိုက်လံ ပို့ဆောင်ကူညီပေးခဲ့သလို ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ပထမလှိုင်းကာလအထိ အားကောင်းသော အခြေအနေမျိုးဖြစ်ခဲ့ရာမှ နောက်ပိုင်းတွင်တဖြေးဖြေးအခက်အခဲများကြုံလာခဲ့ရတယ်လို့ ဆိုကြပါတယ်။

“အရင်တုန်းကဆိုရင် ကယ်ဆယ်ရေးကားတွေရဲ့ ဆီဖိုးအပါအဝင် ကုန်ကျစရိတ်ကို အလှူရှင်တွေက မကြာခဏကို လာလှူလေ့ရှိပေမယ့် အခုက စီးပွားရေးတွေကလည်း ကျပ်တည်းပြီး စားဝတ်နေရေးလည်း အခက်အခဲတွေဖြစ်လာတော့ လာမလှူကြတော့ဘူး၊ ကျွန်တော်တို့လည်း ကိုယ်ချင်းစာပါတယ်၊ အဲ့ဒါကြောင့်လည်း စျေးတွေဘာတွေထဲနဲ့ရပ်ကွက်တွေထဲ အလှူခံထွက်ရတာမျိုးရှိလာတာပါ”လို့လည်း ၎င်းကဆက်လက်ပြောကြားပါတယ်။

ထိုလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေဟာ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အဖွဲ့ပေါင်း ၄၃၀ ကျော်၊ မန္တလေး တိုင်းဒေသကြီးအတွင်းမှာ အဖွဲ့ပေါင်း ၆၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အဖွဲ့ပေါင်း ၄၀ ကျော်၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့ အတွင်းမှာ ၁၀ ဖွဲ့ကျော်စီ၊ မကွေးတိုင်း ဒေသကြီးအတွင်းမှာ အဖွဲ့ ၄၀ ကျော်၊ နေပြည်တော်မှာ အဖွဲ့ ၃၀ ကျော်၊ မွန်၊ ရခိုင်၊ ကရင် စသည့် ပြည်နယ်များအတွင်းတွင် လည်း ကူညီလုပ်ကိုင်နေတဲ့ အဖွဲ့များစွာရှိသလို စုစုပေါင်း အဖွဲ့ ၆၉၀ ကျော်ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အသိအမှတ်ပြုထားပါတယ်။

ထိုအသိအမှတ်ပြုထားတဲ့ စာရင်းတွေထဲ မပါဘဲ ဝါသနာအရ ကူညီနေတဲ့ တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၄