【 ပြည်တွင်း 】သေကြောင်းကြံစည်တဲ့ဖြစ်ရပ်အသေးစိတ်၊ သေဆုံးသူဓာတ်ပုံနဲ့ အသုံးအဆောင်တွေကို လူမှုကွန်ရက်မှာ မဖော်ပြသင့်

【 ပြည်တွင်း 】သေကြောင်းကြံစည်တဲ့ဖြစ်ရပ်အသေးစိတ်၊ သေဆုံးသူဓာတ်ပုံနဲ့ အသုံးအဆောင်တွေကို လူမှုကွန်ရက်မှာ မဖော်ပြသင့်

မလုပ်ဆောင်သင့်တဲ့ သေကြောင်းကြံစည်တဲ့ ဖြစ်ရပ်တွေဖြစ်လာခဲ့ရင် ဖြစ်စဉ်အသေးစိတ်ကို ရေးသား ဖော်ပြ တာမျိုး၊ သေဆုံးသူရဲ့ ဓာတ်ပုံ ဒါမှမဟုတ် သေဆုံးသူကျန်ရစ်ခဲ့တဲ့ ဖိနပ်၊ ဦးထုပ်စသဖြင့် အသုံးအဆောင် ပစ္စည်း တွေကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားတာမျိုး လုံးဝမလုပ်သင့်ဘူးလို့ စိတ်ရောဂါအထူးကုဆရာဝန်တွေက သတိပေးထားပါတယ်။

“ ဒါတွေက လူတွေအတွက် အကျိုးမရှိစေတဲ့အပြင် ဆိုးကျိုးပိုများစေတယ်။ ပိုပြီး စိတ်ကျ၊ စိတ်ဖိစီးစေတယ်။ လုံးဝမလုပ်သင့်၊ မဖော်ပြသင့်ပါဘူး။”လို့ ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ ဆေးခန်းဖွင့်ထားတဲ့ စိတ်ရောဂါ အထူးကု ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒီလုပ်ရပ်တွေက  စိတ်ထိခိုက်ခံစားလွယ်သူတွေ၊ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေနဲ့ စိတ်ဓာတ် ကျနေသူ တွေကို တွန်းအားပေးသလို၊ ဖိအားပေးသလို ဖြစ်စေနိုင်တယ်လို့  ဆိုပါတယ်။

“suicide case တွေ ပိုများစေနိုင်တယ်။ နောက်တစ်ခု ဒီလို ဖော်ပြတာတွေက သေဆုံးသူနဲ့ ကျန်ရစ်သူမိသားစုရဲ့ privacy နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဆင်ခြင်သင့်တယ်။”လို့လည်း ဆရာဝန်တစ်ဦးက ပြော ထားပါတယ်။

သေကြောင်းကြံစည်တဲ့ ဖြစ်စဉ်တွေကို ရေးသားဖော်ပြတော့မယ်ဆိုရင် ဖြစ်စဉ်ထက် ကျန်းမာရေးရှုထောင့်၊ ပညာ ပေး ရှုထောင့်စတဲ့ အပြုသဘောဆောင်တဲ့အကြောင်းအရာဘက်ကိုပဲ ဦးစားပေးရေးသားသင့်တယ်လို့ ဆရာဝန် တွေက အကြုံပြုထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့နည်းလမ်းကလည်း  မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘဲ ဒီလိုမျိုး လုပ်တော့မယ်ဆိုရင်တော့ အနည်းဆုံး နီးစပ်ရာ မိဘ၊ ယုံကြည်ရတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေဆီ ရင်ဖွင့်ဆွေးနွေးသင့်သလို ကျန်းမာရေး ဆရာဝန်တွေဆီမှာလည်း ရင်ဖွင့်ဆွေးနွေးတာမျိုးတွေ လုပ်သင့်တယ်လို့ အကြံပေးတာတွေ ရှိနေပါတယ်။

လီလီ

ဓာတ်ပုံ- သေကြောင်းကြံစည်မှုဖြစ်စဉ်တစ်ခုတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ။

ရန်ကုန်၊ စက်တင်ဘာ ၂၄