【 ပြည်တွင်း 】ဟောင်းနွမ်းမှုတွေကြားထဲက ထည်ဝါနေဆဲ၊ မန္တလေးအနောက်ပြင်က အက္ကပတ်မြို့ဝန်အုတ်ကျောင်း

【 ပြည်တွင်း 】ဟောင်းနွမ်းမှုတွေကြားထဲက ထည်ဝါနေဆဲ၊ မန္တလေးအနောက်ပြင်က အက္ကပတ်မြို့ဝန်အုတ်ကျောင်း

နှစ်ပေါင်းတစ်ရာ့လေးဆယ်ခန့်ရှိနေပြီဖြစ်တဲ့၊ မန္တလေးအနောက်ပြင်က အက္ကပတ်မြို့ဝန်အုတ်ကျောင်းတော်ကြီးက၊ အခုအခါမှာ ကျောင်းပျက်ကြီးတစ်ခု အဖြစ်ရှိနေပေမယ့်လည်း ခမ်းနားထည်ဝါနေဆဲဖြစ်ပါတယ်။

ဒီအုတ်ကျောင်းတော်ကြီးကို မြန်မာနှစ် ၁၂၄၅ ခု၊ ခရစ်နှစ် ၁၈၈၃ ခုနှစ်က၊ အက္ကပတ်မြို့ဝန်မင်းက ဆောက်လုပ်လှူဒါန်းခဲ့တာလို့သိရပါတယ်။

အလှူရှင်နာမည်ကို အစွဲပြုပြီး အက္ကပတ်မြို့ဝန်အုတ်ကျောင်းလို့ခေါ်ကြသလို၊ မဟာဒီပဲယင်းကျောင်းတိုက်အတွင်း ရှိတာမို့လို့လည်း၊ မဟာဒီပဲယင်းကျောင်းလို့ခေါ်ကြတာတွေလည်းရှိပါတယ်။

ကျောင်းကြီးကို စေတီရှိတဲ့အဆောက်အဦနဲ့ အုတ်ကျောင်းကြီးဆိုပြီး နှစ်ပိုင်းခွဲပြီးမြင်တွေ့နိုင်မှာဖြစ်ပြီး၊ အုတ်ကျောင်းကြီးကတော့ ပျက်စီးယိုယွင်းလို့ နေပြီဖြစ်ပါတယ်။

ကျောင်းကြီးရဲ့အရှေ့ဘက်မျက်နှာစာအဝင်ပေါက်မှာ၊ ဘုရားခန်းဆောင်တစ်ခုကို တွေ့မြင်ရမှာဖြစ်ပြီး၊ အတွင်းပိုင်းမှာတော့ ကမ္ဘာ့မဏ္ဍိုင်ဆုတောင်းပြည့်စေတီတော်လို့ အမည်ပေးထားတဲ့၊ ဘုရားဆင်းတုတော်တွေအဆင့်ဆင့်နဲ့တည်ထားတဲ့ မဏ္ဍိုင်စေတီတော်တစ်ခုကို တမူထူးခြားစွာဖူးတွေ့ရမှာဖြစ်ပါတယ်။

အနောက်ဘက်တစ်ဆက်တည်းက အုတ်ကျောင်းကြီးဟာလည်း၊ ကျောင်းရဲ့အပေါ်ကို တက်ရတဲ့ လှေကားကြီးတွေနဲ့ အုတ်တိုင်ကြီးတွေကြောင့်၊ ကြီးကျယ်ခမ်းနားတဲ့ကျောင်းတိုက်ကြီးတစ်ခုဖြစ်ခဲ့တယ်ဆိုတာ သက်သေပြလို့နေပါတယ်။

ဒီအုတ်ကျောင်းကြီဟာ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးဒဏ်ခံခဲ့ရတာကြောင့်လည်း၊ အခုလို ကျောင်းပျက်ကြီးတစ်ခုအဖြစ်နဲ့ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ကျောင်းတိုက်ထဲ ဘယ်သူမဆို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ဖို့ ခွင့်ပြုပေးထားပြီး၊ ကျောင်းတိုက်တည်နေရာကတော့၊ မန္တလေး အောင်မြေသာစံမြို့နယ် ရွှေတချောင်းအနောက်ဘက် ၁၈ လမ်းနဲ့ ၁၉ လမ်းကြားဖြစ်ပါတယ်။

ကျော်ကျော်

မန္တလေး ၊ ဇူလိုင် ၂၂