【 ပြည်တွင်း 】အချိန်စီးသည့် ဆံသားကောင်းဆံပင်ရှည်တစ်ပိဿာကို ကျပ် ၂၄ သိန်းအထက်စျေးပေါက်နေ

【 ပြည်တွင်း 】အချိန်စီးသည့် ဆံသားကောင်းဆံပင်ရှည်တစ်ပိဿာကို  ကျပ် ၂၄ သိန်းအထက်စျေးပေါက်နေ

ဆံသားကောင်း အလေးချိန်ဝိတ်ရှိပြီး အုံထူ၊ အရှည် ၂၆ လက်မကနေ ၃၅ လက်မအထိရှိတဲ့ ဆံပင်ရှည် တစ်ပိဿာကို ကျပ် ၂၄ သိန်းကျော်အထိ ပေါက်စျေးရှိနေတယ်လို့ ရန်ကုန်အခြေစိုက် ဆံပင်ရှည်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

“ ဒီလို ဆံသားကောင်း၊ အုံထူ၊ အရှည် ၂၆ လက်မအထက်ရှိတဲ့ ဆံပင်ရှည်တွေက လာရောင်းတာနည်းပါတယ်။ လာရောင်းရင်လည်း ဆံသားအရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာစျေး ၂၄ သိန်းအထက်ပေးဝယ်ပါတယ်။ တစ်ဆယ်သားဆိုရင်ပဲ ၂ သိန်းခွဲလောက်ရနေပြီ။ အများစုက စားဝတ်နေရေးကျပ်တည်းတော့ လာရောင်းကြတာ များတာပေါ့။ ဒီနှစ်ထဲ ပိုဝယ်ရတယ်။ အရောင်းအဝယ်ပိုဖြစ်တာပေါ့။”လို့ အင်းစိန်မြို့နယ်မှာ ဆံပင်ရှည် အရောင်း အဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ဆေးကာလာဆိုးထားခြင်းမရှိဘဲ အရည်အသွေးကောင်း၊ အုံထူတဲ့ အရှည် ၁၀ လက်မရှိ ဆံပင်ရှည် တစ်ပိဿာ စျေးက ၂၃၀၀၀၀ ကျပ်ဝန်းကျင်၊ ၁၂ လက်မအရှည် တစ်ပိဿာစျေးက ၃၃၀၀၀၀ ကျပ်ဝန်းကျင်၊ ၁၄ လက်မ တစ်ပိဿာဆိုရင် ၄၉၀၀၀၀ ကျပ်ဝန်းကျင်၊  ၁၆ လက်မကနေ ၁၈ လက်မရှိတဲ့ ဆံပင်ရှည်တစ်ပိဿာကို ၆၂၀၀၀၀ ကျပ်ဝန်းကျင်၊ လက်မ ၂၀  တစ်ပိဿာကို ၉၉၀၀၀၀ ကျပ်ဝန်းကျင်၊ ၂၂ လက်မ ကနေ ၂၄ လက်မအထိရှည်တဲ့ ဆံပင်ရှည် တစ်ပိဿာကို ၁၄၆၀၀၀၀ ကျပ်ဝန်းကျင်၊ ၂၆ လက်မကနေ ၃၅ လက်မအထိ ရှည်တဲ့ ဆံပင်ရှည် တစ်ပိဿာကို ကျပ် ၂၄၀၀၀၀၀ ကျော်(၂၄ သိန်းကျော်) ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

“ အလေးချိန် ၁၀ သား၊ ၂၀ သားဆိုရင်လည်း အရှည်နဲ့အရည်အသွေးပေါ်မူတည်ပြီး စျေးပေးတာပေါ့။ ဒါပေမယ့် ဝယ်တဲ့ဆိုင်၊ ဝယ်တဲ့ဒိုင်၊ ဝယ်တဲ့သူနဲ့လည်းဆိုင်တယ်။ ဆံပင် လာရောင်းတဲ့ မိန်းကလေးတွေအများစုကဆံပင်နဲ့ ပတ်သက်ပြီး ဘာမှနားလည်ကြတာမဟုတ်ဘူး။ စျေးကောင်း ပေးဝယ်တယ်ဆိုလို့သာရောင်းကြတာ။ အဲ့ဒီမှာ ညီမဆံပင်က ဘယ်လိုဖြစ်လို့၊ ညာဖြစ်လို့ဆိုပြီး စျေးအတင်းနှိမ်တာမျိုးတွေရှိတယ်။ နောက် စျေးအမှန်မပြောဘဲ စိတ်ကြိုက်စျေးဖြတ် နှိမ်ဝယ်တာမျိုးတွေလည်းရှိတယ်။ စေတနာနဲ့ပြောရရင် အရည်အသွေးကောင်းတဲ့ ဆံပင်ကို ရောင်းမယ်ဆိုရင် အွန်လိုင်းပေါ် ဒါမှမဟုတ် ဆိုင်တွေကို တစ်ဆိုင်ပြီး တစ်ဆိုင် စျေးစုံစမ်းပြီးမှ ရောင်းပါ။ တချို့ လိမ်ဝယ်တာမျိုးတွေလည်းရှိတယ်။ ယုံကြည်ရတဲ့ ဆိုင်တွေမှာပဲ ရောင်းပါလို့ပြောချင်တယ်။”လို့ ရန်ကုန် အခြေ စိုက်ဆံပင်ရှည် ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောထားပါတယ်။

ဆံပင်ရှည်တွေကို လက်မအရှည်အလိုက်ဈေးကောင်းပေးဝယ်နေကြသလို ဆံပင်အကျွတ်တွေကိုလည်းဝယ်ယူ နေကြတယ်လို့ သိရပါတယ်။

“ဆံပင်ရောင်းချင်ရင် အင်းစိန်ဂုံးတံတားအောက်သာသွားရောင်း။ တန်းစီ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တန်းစီ မေးပြီးမှ စိတ်ကြိုက်ဖြစ်ရင်ရောင်း။ ဟိုနေ့ကတောင် သွားရောင်းတာ စစချင်းဆိုင်က ၂ သိန်းပေးတယ်။ အဲ့တာနဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ပတ်မေး နောက်ဆုံးတစ်ဆိုင်က ၄ သိန်းပေးတယ်တဲ့။ ၂ သိန်းတောင် ကွာတယ်။ ဆံပင်ကရှည် အုံကလည်းအထူကြီးပဲ။ ကျောလယ်လောက်ဆို ၂ သောင်း ၃ သောင်း ၄ သောင်း။ ခါးကျော်ရင် ၆ သောင်းကျော်တွေပေးကြတာ။ ဆံပင်ရှည်ခေါင်းတစ်ခေါင်းကို လူခေါ်လာပေးနိုင်ရင်တောင် လူခေါ်လာခ ၅၀၀၀ ပေးတာ အဲ့ဒီဆံပင်အဝယ်ဒိုင်တွေက။ အလုအယက်ကိုဝယ်နေကြတာ။ စျေးကောင်းရချင်ရင် စိတ်ရှည်ရှည်နဲ့ ကိုယ်ဘာသာ တစ်ဆိုင်ပြီး တစ်ဆိုင်လိုက်ပြရောင်း။”လို့ အင်းစိန်မြို့နယ်မှာ ဆံပင်ရှည်သွားရောင်းခဲ့သူ အမျိုး သမီးတစ်ဦးက ပြောပါတယ်။

လီလီ

ဓာတ်ပုံ- Aungmoe San (ဆံပင်ရှည်ရောင်းဝယ်ရေးလုပ်ငန်းခွင် မြင်ကွင်းတစ်နေရာ။)