【 ပြည်တွင်း 】အစာတစ်အိတ် ၅ သောင်းခွဲကျော်သွားလို့ ကြက်ဥတစ်လုံးကို ၁၀ ကျပ်တောင်အမြတ်မကျန်

【 ပြည်တွင်း 】အစာတစ်အိတ် ၅ သောင်းခွဲကျော်သွားလို့  ကြက်ဥတစ်လုံးကို  ၁၀ ကျပ်တောင်အမြတ်မကျန်

အစာစရိတ် အဆမတန်ဈေးမြင့်တက်နေတဲ့အတွက် ဥစားကြက်မွေးမြူသူတွေ အခက်တွေ့နေပြီး ခြံသမားတွေ အနေနဲ့  ကြက်ဥတစ်လုံးကို ၁၀ ကျပ်တောင် အမြတ်မကျန်ဘူးလို့ စီးပွားဖြစ် ဥစားကြက်မွေးမြူရေး လုပ်ကိုင်သူ တွေဆီက သိရပါတယ်။
 
လက်ရှိ ဥစာကြက်မွေးမြူသူတွေ အသုံးများကြတဲ့ ကမ္ဘာကျော်တံဆိပ် ဥစားကြက်စာ တစ်ပိဿာကို နေရာဒေသ ပေါ်မူတည်ပြီး ၁၇၂၅ ကျပ်ကနေ ၁၈၅၀ ကျော်အထိရှိနေပါတယ်။ အိမ်အရောက် တစ်အိတ်ကို ကျပ် ၅၅၀၀၀ ကျော် ကျသင့်တယ်လို့ သိရပါတယ်။ 
 
“ ဒါတောင် သယ်ယူခ၊ ကားခမပါသေးဘူး။ အစာဈေး တစ်ပိဿာနှုန်းနဲ့ ကြက်ဥအထွက်နှုန်း ယှဉ်ကြည့်လို့ ကြက်ဥအထွက်နှုန်း ၈၅ ရာခိုင်နှုန်းလောက် ကောင်းတယ်ဆိုရင်တောင်  ကြက်လုံး တစ်လုံးဖြစ်ဖို့ ကုန်ကျ စရိတ်က တစ်လုံးကို ကျပ် ၁၅၀ ဝန်းကျင်လောက်ဖြစ်နေပြီ။ လက်ရှိ ခြံလာကောက်ကြတဲ့ ကြက်ဥဈေးနဲ့ဆိုရင် ကြက်ဥ တစ်လုံးကို ၁၀ ကျပ်တောင် အမြတ်မကျန်ဘူး။ ဒါတောင် ကြက်ဥထွက်နှုန်း ၈၅ ရာခိုင်နှုန်းနဲ့ တွက်ပြတာ၊ ၈၅ ရာခိုင်နှုန်းအောက် ဥထွက်နှုန်း ကျဆင်းနေတဲ့ ကြက်မွေးသူတွေအတွက်တော့ မတွေးဝံ့စရာပါပဲ။ ဒါတောင် အစာစရိတ်နဲ့ပဲတွက်တာ၊ ကျန်တဲ့ လုပ်အားခ၊ ဆေးဝါးခတွေမပါသေးဘူး။”လို့ စီးပွားဖြစ် ဥစားကြက်မွေးမြူသူ တစ်ဦးက ပြောပါတယ်။
 
လက်ရှိ အစာစရိတ်မတတ်နိုင်လို့ ကိုယ်တိုင် အစာစပ်ပြီး ကျွေးတဲ့ ကြက်ခြံပိုင်ရှင်တွေမှာလည်း လိုအပ်တဲ့ အာဟာ ရဓာတ်မပြည့်လို့ ကြက်ဥ, ဥတဲ့နှုန်းတွေ ကျဆင်းနေတဲ့အတွက် ဒုက္ခရောက်နေတယ်လို့ ဆိုပါတယ်။
 
“အရင် ကိုဗစ်ကာလရှေ့က ကောင်းတစ်နှစ် မကောင်းတစ်နှစ် ရှာလိုက်ကုန်လိုက်နဲ့ဗျာ။ အခုက မကောင်းတာ သုံး နှစ်နီးပါးကြာခဲ့ပြီ။ ခုလိုအစာဈေးကမိုးထိအောင်ပါထောင်တက်သွားတော့ ပိုဆိုးတာပေါ့ဗျာ။ မနည်းတောင့် ခံနေရတယ်။ တခြားစီးပွားရေးလိုလည်း ချက်ချင်းပြောင်းလုပ်လို့ မရဘူးလေ။ အခု စပ်စာကျွေးပြန်တော့လည်း အာဟာရ ပြည့်အောင်မစပ်နိုင်တော့ ဥအရည်အသွေးမပြည့်၊ ဥမပြည့်နဲ့ ပိုပြီး ဆုံးရှုံးကုန်တယ်။ နောက်ဆက်တွဲ ဥနှုန်းကျ၊ ကြက်တွေကိုယ်ခံအားကျနဲ့ ဆေးစရိတ်တွေပါ ပိုကုန်တယ်။”လို့ ပဲခူးတိုင်းအတွင်းက အမည်မဖော်လို့တဲ့ ဥစားကြက်စီးပွားဖြစ် မွေးမြူသူတစ်ဦးကလည်း ပြောပါတယ်။
 
စပ်စားကျွေးသူတွေအနေနဲ့လည်း ကုန်ကြမ်းတွေဈေးတက်နေလို့ အမျိုးစုံအောင် မထည့်နိုင်ဘဲ ၂ မျိုး၊ ၃ မျိုးသာ စပ်ပြီး ကျွေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ပြောင်းတစ်ပိဿာကို ကျပ် ၁၁၀၀ ဝန်းကျင်၊ ဆန်ကွဲ တစ်အိတ် ၃၉၀၀၀ ကနေ ၄၀၀၀ ကျပ်ဝန်းကျင်၊ ဖွဲနုတစ်အိတ် (၁၅ ပိဿာပါ) တစ်အိတ် ၁၉၀၀၀ ကျပ်၊ ပဲဖတ် တစ်ဿာ ၃၃၀၀ ကနေ ၄၀၀၀ ကျပ်ကြား၊ နှမ်းဖတ် တစ်ပိဿာ ၁၈၀၀ ကနေ ၂၀၀၀ ဝန်းကျင်၊ ငါးခြောက် မှုန့်တစ်ပိဿာကို ၂၀၀၀ အထက်မှာ ရှိနေတယ်လို့ သိရပါတယ်။
 
လီလီ
ရန်ကုန်၊ စက်တင်ဘာ ၂၀