
【 ပြည်တွင်း 】 တရုတ်နဲ့ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးမည်
ရန်ကုန်၊ စက်တင်ဘာ - ၁၇
မြန်မာနိုင်ငံအတွင်းကို လေကြောင်းခရီးနဲ့ ဝင်ရောက်လာမယ့် တရုတ်နဲ့ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival ကို မကြာမီခွင့်ပြုပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ခွင့်ပြုသည့်ရက်မှစ၍ စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုပေးသွားမယ်လို့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆိုက်ရောက်ဗီဇာအခငွေကို အမေရိကန်ဒေါ်လာဖြင့် ကောက်ခံ၍ သက်မှတ်ရက်အတိုင်း နေခွင့်ပြုသွားမှာဖြစ်ပြီး အလည်အပတ်ဝင်ရောက်ခြင်းအတွက်သာ ခွင့်ပြုပေးမှာဖြစ်လို့ ကမ္ဘာလှည့်ဗီဇာတစ်မျိုးတည်းသာ ခွင့်ပြုသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသူများကို နေခွင့်သက်တမ်းတိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေးဘဲ သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ပါက သတ်မှတ်ရက်လွန်ဒဏ်ကြေးအခငွေ ပေးဆောင်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်လာမယ့် ခရီးသွားတွေကို ရက် (၃၀) နေထိုင်ခွင့်ပြုထားပြီး ဗီဇာကြေးအဖြစ် ဒေါ်လာ (၅၀) သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဆိုက်ရောက်ဗီဇာဆိုတာ ပြည်ဝင်ခွင့် ကြိုတင်လျှောက်ထားဖို့မလိုဘဲ သတ်မှတ်ထားတဲ့ နိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်သူကို သတ်မှတ်ထားတဲ့ နိုင်ငံလေဆိပ်ရောက်တာနဲ့ ပြည်ဝင်ခွင့်ပေးခြင်းဖြစ်ပြီး ရေတိုလာရောက်လည်ပတ်မယ့် ခရီးသွားတွေက အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အောင်အောင်