【 ပြည်တွင်း 】 ပြည်ပပို့ကုန်တင်ပို့မှု ဆယ်လအတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံနီးပါး လျော့ကျ

【 ပြည်တွင်း 】 ပြည်ပပို့ကုန်တင်ပို့မှု ဆယ်လအတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံနီးပါး လျော့ကျ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၂
 
လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပနိုင်ငံများသို့ ပို့ကုန်အုပ်စုအလိုက် တင်ပို့မှုတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၂၀၀၀ (နှစ်ဘီလီယံ) နီးပါးလျော့နည်းကျဆင်းခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်အုပ်စုအလိုက် တင်ပို့မှုတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၁၂,၁၃၅ သန်းကျော်သာရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလထက် ကန်ဒေါ်လာသန်း ၁၉၄၃ သန်းကျော် လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
 
၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်အုပ်စုအလိုက် တင် ပို့မှု တန်ဖိုးဟာ ကန်ဒေါ်လာ ၁၄,၀၇၈.၉၁၈ သန်းရှိခဲ့တာဖြစ်ပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်အုပ်စုအလိုက် တင်ပို့မှုတွင် လယ်ယာထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂၈၀၆ သန်းကျော်၊ တိရစ္ဆာန်ထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆ သန်းကျော်၊ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၅၈၁ သန်းကျော်၊ သတ္တုတွင်းထွက်တင်ပို့မှုမှ ကန်ဒေါ်လာ ၂၃၃ သန်းကျော်၊ သစ်တောထွက်တင်ပို့မှုမှ ကန်ဒေါ်လာ ၅၅ သန်းကျော်၊ စက်မှုကုန်ချောတင်ပို့မှုမှ ကန်ဒေါ်လာ ၇၆၁၈ သန်းကျော်၊ အခြားပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၈၃၃ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
 
အဆိုပါပို့ကုန်အားလုံးရဲ့ ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပတင်ပို့မှုတန်ဖိုးဟာလည်း ယခင်ဘဏ္ဍာနှစ် အလားတူကာလထက် လျော့နည်းကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
 
လင်းလင်း