
【 ပြည်တွင်း 】 ယခုနှစ်အတွင်း တရုတ်သို့ ဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဘီလီယံနီးပါးရရှိ
ရန်ကုန်၊ အောက်တိုဘာ - ၂
ယခု ၂၀၂၃ ခုနှစ် ၈ လတာကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံအတွင်းသို့ ဓာတ်ငွေ့တင်ပို့မှုကနေ ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးရရှိထားတယ်လို့ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၈ လအတွင်း မြန်မာနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၉၉၃.၉၄ သန်း တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့တွေ တင်သွင်းခဲ့ကြောင်း၊ ပြီးခဲ့တဲ့ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း GACC ရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
၈ လတာကာလအတွင်း တရုတ်နိုင်ငံသို့ ပိုက်လိုင်းကတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုအများဆုံးပြုလုပ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တတိယအများဆုံး တင်ပို့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ဓာတ်ငွေ့တွေကို ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားထားတဲ့ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ပို့ လွှတ်ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ အချက်အလက်တွေအရ ၁၀ နှစ်အတွင်း မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ ပို့လွှတ်ခဲ့တယ်လို့ သိရပါတယ်။
အောင်အောင်