【 ပြည်တွင်း 】 သုံးနှစ်အတွင်း ရွှေဆိုင်နဲ့ဘဏ် ဓားပြတိုက်၊ လုယက်ခံရမှုဖြစ်စဉ် ၈၀ ကျော် ရှိခဲ့

【 ပြည်တွင်း 】 သုံးနှစ်အတွင်း ရွှေဆိုင်နဲ့ဘဏ် ဓားပြတိုက်၊ လုယက်ခံရမှုဖြစ်စဉ် ၈၀ ကျော် ရှိခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၁

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကစပြီး လက်ရှိအချိန်ထိ သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ ရွှေဆိုင်နဲ့ ဘဏ်တွေ ဓားပြတိုက်၊ လုယက်ခံရမှုဖြစ်စဉ် အကြိမ် ၈၀ ကျော်ရှိခဲ့ကြောင်း သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

Data for Myanmar ရဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ သုံးနှစ်အတွင်း ရွှေဆိုင်လုယက်ခံရမှု ၅၇ ခု၊ ဘဏ်အဆောက်အအုံထဲမှာ ဝင်‌ရောက်လုယက်ခံရမှု ၂၅ ခု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သုံးနှစ်အတွင်း ရွှေဆိုင်လုယက်ခံရမှု ဖြစ်စဉ်များတွင် တစ်လကို အနည်းဆုံး တစ်ကြိမ်ရှိခဲ့ကာ မန္တလေးမြို့က ၁၂ ကြိမ်ဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်မြို့က ခြောက်ကြိမ်၊ ဖားကန့်မြို့က သုံးကြိမ်နဲ့ အများဆုံးပါဝင်နေတယ်လို့ ဆိုပါတယ်။

အလားတူ ဘဏ်လုယက်ခံရမှု ဖြစ်စဉ်တွေကလည်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်းမှာ အများဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ရွှေဆိုင်နဲ့ ဘဏ်တွေကို ပစ်မှတ်ထားတဲ့ လုယက်မှုတွေဟာ အရင်တုန်းကတော့ အဖြစ်နည်းတဲ့ မှုခင်းတွေဖြစ်သော်လည်း ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ရွှေဆိုင်နဲ့ ဘဏ်တွေကို ပစ်မှတ်ထားတဲ့ လုယက်မှု၊ ဓားပြမှုတွေ သိသိသာသာ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာပဲ လူနေအိမ်၊ စျေးဆိုင်၊ လမ်းပေါ်နှင့် ယာဉ်ပေါ်တွင် ဓားပြတိုက်လုယက်မှု ဖြစ်စဉ်များကလည်း နိုင်ငံတစ်ဝန်းမှာ အဖြစ်များခဲ့ကြောင်း သတင်းမီဒီယာတွေနဲ့ ဒေသခံတွေရဲ့ လူမှုကွန်ရက်တွေမှာ ဖော်ပြမှုတွေအရ သိရပါတယ်။

Photo - လူမှုကွန်ရက်