【 ပြည်တွင်း 】 ၇ လအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းနီးပါး တင်ပို့ခဲ့

【 ပြည်တွင်း 】 ၇ လအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းနီးပါး တင်ပို့ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ - ၃ 
 
လက်ရှိဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၉၄,၀၀၀ ကျော် တင်ပို့ခဲ့ရကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 
 
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၉၄,၄၃၅ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။ 
 
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
 
 
ပြည်ပသို့ ရော်ဘာတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းကရော ပင်လယ်ရေကြောင်းကပါ တင်ပို့နေတာလို့ သိရပါတယ်။
 
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာ တင်ပို့မှုမှ ဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်း ရရှိခဲ့သလို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာလည်း ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်း ရရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။ 
 
မြန်မာနိုင်ငံအတွင်းက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရော်ဘာအများဆုံး စိုက်ပျိုးထွက်ရှိပြီး ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ 
 
ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင် ထွက်ရှိပြီး ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။
 
အောင်အောင်