【 ပြည်တွင်း 】 ၈ လနီးပါးကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ သန်းကျော် တင်ပို့ထား

【 ပြည်တွင်း 】 ၈ လနီးပါးကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ သန်းကျော် တင်ပို့ထား

ရန်ကုန်၊ ဒီဇင်ဘာ - ၄

လက်ရှိဘဏ္ဍာနှစ် ၈လနီးပါးကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ တန်ချိန် ၁ သန်းကျော် တင်ပို့ထားကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပဲမျိုးစုံတန် ချိန် ၉၁၀,၀၀၀ ကျော်နှင့်  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ပဲမျိုးစုံ တန်ချိန် ၁၃၀,၀၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။  

နိုဝင်ဘာလအတွင်း ပဲမျိုးစုံ တန်ချိန် စုစုပေါင်း (၁,၀၄၆,၄၅၄.၆၄၀) တန် တင်ပို့ခဲ့‌ခြင်းဖြစ်ပြီး အဆိုပါတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၈၈၄.၀၆၈) သန်း ရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ပါတယ်။ထိုသို့တင်ပို့ရာတွင် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကိုတော့ တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် စုစုပေါင်း (၁,၉၁၉,၁၅၆) တန် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

အောင်အောင်