【 ပြည်တွင်း 】HIV ရောဂါခံစားနေရသူတွေ တိုင်းရင်းဆေးနည်းမသုံးဘဲ ART ဆေးကိုသာပုံမှန်သောက်ကြဖို့အကြံပြု

【 ပြည်တွင်း 】HIV ရောဂါခံစားနေရသူတွေ တိုင်းရင်းဆေးနည်းမသုံးဘဲ ART ဆေးကိုသာပုံမှန်သောက်ကြဖို့အကြံပြု 

HIV ရောဂါ ဝေဒနာခံစားရသူအချို့ဟာ ဘိစပ်ရွက် (ခေါ်) လောက်သေရွက်တွေကို ပြုတ်သောက်တာမျိုးတွေနဲ့ တခြား တိုင်းရင်းဆေးနည်းတွေကို အသုံးပြုလာကြတဲ့အပေါ် ဝေဖန်မှုတွေရှိနေပြီး HIV ရောဂါခံစားနေရသူတွေ အနေနဲ့ တခြားဆေးနည်းတွေမသုံးဘဲ ART ဆေးကိုသာ ပုံမှန်သောက်သင့်တယ်လို့ အကြံပြုမှုတွေ ရှိနေပါတယ်။
“ကျွန်တော်ကိုယ်တိုင်က HIV နဲ့ အတူယှဉ်တွဲနေသူပါ။ ၂၀၀၆ ခုနှစ်ထဲက ARTဆေးသောက်နေသူပါ။ မိတ်ဆွေတို့ ကိုယ်တိုင်မကြုံဘူးတဲ့ HIV/AIDS ဝေဒနာသည်တွေ ထောင်ပေါင်းများစွာကို ကြုံတွေ့ဖူးပါတယ်။ အဲ့ဒီလိုမမှန်တဲ့ လမ်းညွှန်မှုကြောင့် သေဆုံးသူတွေ နေ့စဉ်နီးပါးရှိနေပါတယ်။ ဒီလို ဟိုအရွက်၊ ဒီအရွက်သောက်ရင်ပျောက်တဲ့ နည်းလမ်းတွေသာ အမှန်တကယ်ပျောက်ကင်းရင် ဒီနည်းလမ်းကို သိတဲ့သူက ကမ္ဘာမှာအချမ်းသာဆုံးဖြစ်နေပြီ ပေါ့ဗျာ။”လို့ HIV ခံစားနေရသူတစ်ဦးက ပြောပါတယ်။
HIV ဆိုတာ ကိုယ်ခံအားစနစ်ကိုဖျက်စီးတဲ့ ပိုးဖြစ်သလို AIDS ဆိုတာ ခုခံအားတွေကျဆင်းလာရင် ဖြစ်တတ်တဲ့ ရောဂါအစုအဝေးကို ဆိုလိုတာဖြစ်တဲ့အတွက် HIV ပိုးကြောင့် ကိုယ်ခံအားကျဆင်းလာရင် အနည်းဆုံး တစ်ချိန်တည်းမှာ ရောဂါ ၂ မျိုး၊ ၃ မျိုး ခံစားနိုင်တဲ့အတွက် ဒီလိုမျိုးတိုင်းရင်းဆေးတွေက ရောဂါကိုသာကုသနိုင်ပေမယ့် HIV ပိုးကို မဟန့်တားနိုင်ဘူးလို့ အကြုံပြုသူတွေက ဆိုပါတယ်။
“ရောဂါလက္ခဏာတွေကတော့ ရက်ရှည်ဖျားမယ်။ အရေပြား ယားနာတွေပေါက်မယ်။ အဆုပ်ယောင်ချောင်ဆိုး၊ TB၊ ဝမ်းပျက်ဝမ်းလျှော၊ ရေယုန်၊ အသဲကြီး၊ အသဲယောင်နဲ့ အစားနည်းပြီး ကိုယ်အလေးချိန်ကျ အဲ့ဒီရောဂါတွေ ထဲမှာ အနည်းဆုံး ၂ မျိုး ဒါမှမဟုတ် ၃ မျိုးလောက်ဖြစ်တတ်ပါတယ်။ မြန်မာတိုင်းရင်းဆေးတွေကတော့ အဲ့ဒီ ရောဂါတွေကို ပျောက်ကင်းအောင်ကုသလို့ရတဲ့ ဆေးတွေအများကြီးရှိပါတယ်။ ဒါကိုလည်း ယုံကြည်စွာ လက်ခံပါတယ်။ ဒါပေမယ့် HIV ပိုးကို မထိန်းချုပ်နိုင်သ၍ ကိုယ်ခံအားကျနေတာကြောင့် ဒီရောဂါတွေကတော့ ရောဂါသည်တွေ ခဏခဏ ပြန်ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် HIV ပိုးကို ထိန်းချုပ်နိုင်တဲ့ဆေးကတော့ လက်ရှိ ကမ္ဘာမှာ ARTဆေးကလွဲလို့ တခြားမရှိသေးပါဘူး။ ARTဆေးကလည်း အပြင်မှာ ဝယ်သောက်ရင် စျေးကြီးပါတယ်။ တစ်သက်လုံး သောက်ရတော့မယ့် ဆေးဖြစ်တာကြောင့် ရေရှည်မှာ အပြင်မှာဝယ်သောက်ဖို့ မလွယ်ပါဘူး။ မြန်မာနိုင်ငံမှာ ARTဆေးတွေကို အခမဲ့ပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရပြည်သူ့ဆေးရုံတွေနဲ့ ခုခံအားကျကာလသားရောဂါ တိုက်ဖျက်ရေးဌာနနဲ့အတူ ARTဆေးအခမဲ့ပေးနေတဲ့ ဌာနပေါင်း ၄၀၀ ကျော် ရှိပါတယ်။ အကောင်းဆုံးအကြံပြုချင်တာကတော့ အနီးစပ်ဆုံး ARTဆေးပေးဌာနကို အမြန်ဆုံးသွားရောက်ပြီး စနစ်တကျဆေးကုသမှု ခံယူနိုင်အောင်ကြိုးစားပါ။”လို့ ကိုယ်တိုင်လည်း HIV ရောဂါဝေဒနာ ခံစားနေရသူတစ်ဦးက အကြံပြုထားပါတယ်။
 
လီလီ
ရန်ကုန်၊ ဇူလိုင် ၂၅