【 ပြည်တွင်း 】YBS ဘတ်စ်ကားတွေပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု အရင်ကထက်ပိုဆိုးလာ

【 ပြည်တွင်း 】YBS ဘတ်စ်ကားတွေပေါ်  လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု  အရင်ကထက်ပိုဆိုးလာ

ရန်ကုန်မှာ နေထိုင်သူတွေ အများစု သွားလာရာမှာ အဓိကအားထားနေရတဲ့ YBS ဘတ်စ်ကားတွေပေါ် အုပ်စုဖွဲ့ ခါးပိုက်နှိုက် ရန်ပြုတာတွေအပြင် မိန်းကလေးတွေကို ကာယိန္ဒြေ ပျက်ပြားစေအောင် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုတွေဟာ  အရင်ကထက်ပိုဆိုးလာတယ်လို့ YBS ဘတ်စ်ကားစီး ခရီးသည်အမျိုးသမီးတွေဆီက သိရပါတယ်။

“ထိုင်ခုံမှာ ထိုင်နေတုန်း ပေါင်ကို လာကိုင်တာမျိုး၊ ထိုင်ခုံမရလို့ မတ်တပ်ရပ်စီးနေတုန်း တခြားနေရာ အချောင်ကြီး ရှိတာကို နောက်မှာရပ်ပြီး ထောက်တာမျိုး၊ ညစ်ညစ်ညမ်းညမ်းပြောတာမျိုး ခဏခဏကြုံရပါတယ်၊ တဏှာရူး တွေနဲ့ နေ့တိုင်းကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်၊ အခုကဘယ်သူ့ကိုမှ အားကိုးလို့မရတော့ ဘယ်သွားသွား တွယ်ချိတ်ဆောင်သွားရတယ်၊ လက်ရှိက  ခါးပိုက်နှိုက်နေတာတောင်  မြင်ရင်မအော်၊ မပြောရဲတဲ့ ခေတ်ဆိုတော့ ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူးလေ”လို့ အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ရင် ဥပဒေအရ အရေးယူနိုင်တဲ့  ပုဒ်မတွေရှိပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ဘယ်လိုမှ ထိထိရောက်ရောက် အရေးယူနိုင်မှာ မဟုတ်ဘူးလို့  အငြိမ်းစား တရားရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။“ ဥပဒေအရကတော့ အခုလိုထိတွေ့စော်ကားဖို့မပြောနဲ့ လှောင်ပြောင်တဲ့ ပုံစံနဲ့ပြောရင်တောင်  ပုဒ်မ- ၅၀၉ နဲ့ တရားရုံးဦးတိုက်လျှောက်ပြီး တရားစွဲလို့ရတယ်၊ ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် ပါကျခံနိုင်တယ်၊ ဒါပေမဲ့ အခုအခြေအနေကတော့ ဥပဒေ သက်ရောက်မှုမရှိဘူး၊ ဒီအချိန်က ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး၊ ကိုယ့်ကိုယ်ကိုပဲ အားကိုးကြရမယ့်အချိန်ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

ယခုရက်ပိုင်း လူမှုကွန်ရက် (Facebook)ကနေ YBS လမ်းညွှန်ဂရုတွေနဲ့ ကိုယ်ပိုင်စာမျက်နှာအကောင့်တွေမှာ YBS ဘတ်စ်ကားတွေပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့် ယှက်ခံရတဲ့ ကိုယ်တိုင်ကြုံရသောဖြစ်စဉ်တွေကို ရင်ဖွင့်ရေးသားလာကြတာတွေဟာ အရင်ကထက် ပိုမိုမြင်တွေ့ နေရပါတယ်။ ဒီလို ဖြစ်စဉ်တွေ  ရင်ဖွင့်ရေးသားထားတဲ့ မိန်းကလေးတွေအပေါ် ဝေဖန်သူတချို့လည်း လူမှုကွန်ရက်မှာ ရှိနေပါတယ်။

“ လိုင်းကားပေါ် အခုလို တဏှာရူးနေတဲ့အကြောင်း Facebook  ပေါ်  ရင်ဖွင့်ရေးတာကို တချို့ကလည်း လှောင်ကြတယ်၊ ပိုက်ဆံပါသွားတာမှ မဟုတ်တာ ဘာညာနဲ့၊ နှမသားချင်း မစာမနာနဲ့ ပြောကြတာမျိုးရှိတယ်၊ ကိုယ်တွေရေးတယ်ဆိုတာက တခြားမိန်းကလေးတွေလည်း ဒီလိုဖြစ်စဉ်တွေကို သတိထားကြရအောင်ပါ၊ သတိထားမိအောင်ပေါ့၊ ဖြစ်လာခဲ့ရင် မကြောက်ဖို့၊ ငြိမ်မခံဖို့နဲ့ တခြားသူကို အကူအညီတောင်းတာမျိုး လုပ်ဖို့ ရေးတာပါ၊ ကားပေါ်မှာ နှာဘူးတွေကြောင့် ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်ရလဲဆိုတာ ကိုယ်တိုင်ခံရဖူးမှ ကိုယ်ချင်းစာကြမှာ”လို့  YBS စီးခရီးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရန်ကုန်၊ ဩဂုတ် ၃