【 အားကစား 】ဂျမေကာမှ အဓိကတိုက်စစ်မှူး ပြန်လာဖို့ သီးသန့်‌ဂျက်လေယာဉ် စီစဉ်ပေးခဲ့တဲ့ ဝက်စ်ဟမ်း

【 အားကစား 】ဂျမေကာမှ အဓိကတိုက်စစ်မှူး ပြန်လာဖို့ သီးသန့်‌ဂျက်လေယာဉ် စီစဉ်ပေးခဲ့တဲ့ ဝက်စ်ဟမ်း

အဲဗာတန်နဲ့ မန်ယူနည်းပြဟောင်း ဒေးဗစ် မိုရက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းအသင်းကတော့ ပရီးမီယားလိဂ်မှာတင်မက ယူရိုပါလိဂ်မှာပါ ခြေစွမ်းပြသလျက်ရှိနေပါတယ်။

မန်ချက်စတာ ၂ သင်းဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးအသင်းတို့ကို လိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်အသင်းကို ပထမဆုံးရှုံးပွဲ ကြုံတွေ့စေခဲ့ပြီး အမှတ်‌ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရပ်နားပြီး နိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ကစားခဲ့ကြပါတယ်။ဝက်စ်ဟမ်းအသင်းဘက်ကလည်း နိုင်ငံတကာပွဲစဉ်တွေအတွက် ကစားသမားတွေကို စေလွှတ်ခဲ့ရပြီး ထိုကစားသမားများထဲမှာ ဂိုးများသွင်းယူပေးနေတဲ့ အဓိကတိုက်စစ်မှူး မစ်ခေးလ် အန်တိုနီယိုလည်း အပါအဝင်ပါပဲ။

ဝက်စ်ဟမ်းအသင်းရဲ့ အဓိကတိုက်စစ်မှူး အန်တိုနီယိုဟာ ဂျမေကာလက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးလည်းဖြစ်ပြီး အယ်လ်ဆာဗေးဒိုး၊ အမေရိကန်အသင်းတို့နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာလည်း တစ်ပွဲကို တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။ကမ္ဘာ့ဖလားခြေစစ်ပွဲများအပြီးမှာ ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ် ဆူလီဗန်ဘက်က အန်တိုနီယို ကို ကလပ်အသင်းအတွက် လျင်လျင်မြန်မြန် အသင့်ဖြစ်နေစေရန်အတွက် သီးသန့်ဂျက်လေယာဉ်ကို စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ဂျမေကာနိုင်ငံမှ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝက်စ်ဟမ်းအသင်းသို့ ပြန်လာရန် သီးသန့်ဂျက်လေယာဉ်အတွက် ပေါင် ၁၀၀,၀၀၀ အသင်းပိုင်ရှင်ဘက်က အသုံးပြုပေးခဲ့ရတာဖြစ်ပါတယ်။အန်တိုနီယိုဟာ သီးသန့်ဂျက်လေယာဉ်နဲ့ ပြန်လာတဲ့အတွက် ဝက်စ်ဟမ်းအသင်းထံ တစ်ရက်စောရောက်လာမှာဖြစ်ပြီး လာမယ့် စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် အသင့်ဖြစ်နေမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လာမယ့် စနေနေ့မှာတော့ ဝုဗ်အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ရှိနေပြီး အန်တိုနီယို ခြေစွမ်းပြ ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Linko
လန်ဒန်၊ နိုဝင်ဘာ - ၁၈