【 အားကစား 】 ကစားသမား အဝင်၊ အထွက် များပြားဖွယ်ရှိနေတဲ့ မန်ယူ

【 အားကစား 】 ကစားသမား အဝင်၊ အထွက် များပြားဖွယ်ရှိနေတဲ့ မန်ယူ

နည်းပြသစ် ရပ်ဖ် ရန်နစ်ခ်နဲ့အတူ ရှေ့ဆက်နေတဲ့ မန်ယူအသင်းကတော့ လာမယ့်အပြောင်းအရွှေ့ရာသီမှာတော့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးပမ်းလာဦးမှာဖြစ်ပါတယ်။
 
မန်ယူအသင်းမှ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်ပေမယ့်လည်း တစ်ဖက်မှာလည်း အသင်းမှာ ကစားခွင့်နည်းပါးတဲ့ ကစားသမားတွေဟာလည်း အသင်းမှထွက်ခွာသွားဖို့ရှိနေပါတယ်။
 
The Mirror သတင်းဌာနကတော့ မန်ယူအသင်းမှ နည်းပြသစ် ရန်နစ်ခ်အတွက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသုံးပြုရန် ပေါင် သန်း ၁၀၀ ကို ထုတ်ပေးဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းကြီးနေသူက‌တော့ မေဆန် ဂရင်းဝုဒ်ပါ။ဂရင်းဝုဒ်အနေနဲ့ စီရော်နယ်လ်ဒိုနဲ့ ရက်ရှ်ဖို့ဒ်တို့ မကစားနိုင်သေးတဲ့အချိန်မှာ မန်ယူအသင်းအတွက် ဂိုးတွေသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့် စီရော်နယ်လ်ဒိုနဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်ကစားလာချိန်မှာတော့ ဂရင်းဝုဒ်ရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်းပျောက်ဆုံးလာခဲ့ပြီး ကစားခွင့်လည်း နည်းပါးလာခဲ့ပါတယ်။လက်ရှိမှာတော့ ဂရင်းဝုဒ်အနေနဲ့ မန်ယူအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သတင်းများက ဆိုပါတယ်။
 
ဂရင်းဝုဒ်လိုပဲ နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အန်သိုနီ မာရှယ်လ်ဟာလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။မာရှယ်လ်ကတော့ မန်ယူအသင်းအတွက် ခြေစွမ်းမပြသနိုင်တာ ကြာမြင့်ပြီဖြစ်ပါတယ်။တစ်ချိန်က အလားအလာအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ မာရှယ်လ်အနေနဲ့ ဘယ်ကိုရောက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
ဂိုးသမား ဒင်း ဟန်ဒါဆန်ကတော့ မန်ယူအသင်းကနေ ထွက်ခွာချိန်တန်ပြီလို့ ဆိုရမှာပါ။လက်စွမ်းကောင်းပေမယ့် ဒီဂီယာရဲ့ အရန်ဂိုးသမားဖြစ်နေမှုက ပွဲကစားခွင့်နည်းပါးစေတာဖြစ်ပါတယ်။နယ်သာလန်ကလပ် အေဂျက်အသင်းနဲ့ ချိတ်ဆက်နေခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
 
မန်ယူအသင်း‌ကတော့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗယ်လ်ဟိုဗစ် ကို ခေါ်ယူဖို့ အခြားသော ဥရောပပြိုင်ဘက်အသင်းတွေနဲ့ အပြိုင် စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။ဆားဘီးယားလက်ရွေးစင် တိုက်စစ်မှူး ဗယ်လ်ဟိုဗစ်ဟာ လက်ရှိအချိန်မှာ အီတလီ စီးရီးအေပြိုင်ပွဲအတွင်း ၁၅ ဂိုးသွင်းယူပြီး ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ဦးဆောင်လျက်ရှိနေပါတယ်။
 
ဖီအိုရင်တီးနားအသင်းမှာ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ထွန်းတောက်လာခဲ့တဲ့ ဗယ်လ်ဟိုဗစ် ကို မန်ယူအသင်းအပါအဝင် ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။
 
Linko
မန်ချက်စတာ၊ ဒီဇင်ဘာ - ၁၇