【 အားကစား 】 ကိုဗစ်ကူးစက်မှုကြောင့် စပါးအသင်းရဲ့ ပွဲစဉ်များကို ဖျက်သိမ်းခဲ့ရ

【 အားကစား 】 ကိုဗစ်ကူးစက်မှုကြောင့် စပါးအသင်းရဲ့ ပွဲစဉ်များကို ဖျက်သိမ်းခဲ့ရ

အင်္ဂလန်ကလပ်အသင်းဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးအသင်းဟာ ကိုဗစ်ကူးစက်မှုကြောင့် ကစားရမည့်ပွဲစဉ်များကို ဖျက်သိမ်းလျက်ရှိနေပါတယ်။
 
ကြာသပတေးနေ့ ညပိုင်းမှာ ကစားမယ့် ယူရိုကွန်ဖရန့်လိဂ် အုပ်စုပွဲစဉ် ရန်းနက်စ်အသင်းနဲ့ ပွဲစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ အင်္ဂလန် ပရီးမီယားလိဂ် ပွဲစဉ်ကိုလည်း ထပ်မံဖျက်သိမ်းခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
 
စပါးအသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်စာထဲမှာတော့ "ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ အစည်းအဝေးအပြီးမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အတည်ပြုပါတယ်" ဟု ဆိုထားပါတယ်။
 
"ကစားသမားများနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ဦးစားပေးပြီး ဆေးဘက်ဆိုင်ရာ အကြံပေးတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ဟာ ပွဲစဉ်ကိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊ ကစားသမားများနဲ့ ဝန်ထမ်းများအကြား ကိုဗစ်ကူးစက်မှုဟာ သိသိသာသာတိုးမြင့်လာခဲ့တာကြောင့် ပွဲကို ပြန်လည်စီစဉ်ပေးရန် ကလပ်အသင်းဘက်က တောင်းဆိုခဲ့ပါတယ်" ဟု စပါးအသင်းဘက်က ထုတ်ပြန်ချက်စာထဲမှာ ဖော်ပြခဲ့ပါတယ်။
 
"ကျနော်တို့အသင်းကြောင့် အဆင်မပြေဖြစ်ရတဲ့ ရန်းနက်စ်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ကိုလည်း တောင်းပန်ပါတယ်၊ ပရိတ်သတ်တွေကိုလည်း တောင်းပန်လိုပါတယ်" လို့လည်း စပါးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
 
ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်ကို ထပ်မံရွှေ့ဆိုင်းပြီးနောက် လာမည့်အပတ် ကြာသပတေးနေ့တွင် ကစားရမယ့် လက်စတာအသင်းနဲ့ ပွဲစဉ်ဟာလည်း စပါးအသင်းရဲ့ ကစားသမားများနဲ့ ဝန်ထမ်းများ သီးခြားခွဲနေခြင်းမှ ပြန်လာနိုင်မှုအပေါ် မူတည်ပြီး ရွှေ့ဆိုင်းဖွယ်ရှိနေပါသေးတယ်။
 
စပါးအသင်းဟာ လွန်ခဲ့သော နိုဝင်ဘာ ၂၈ ရက်နေ့တုန်းကလည်း ဆီးနှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။
 
ကိုဗစ်ကူးစက်မှုကြောင့် ပွဲစဉ်များ ရွှေ့ဆိုင်းရတဲ့အတွက် စပါးအသင်းအနေနဲ့ အကျပ်ရိုက်စရာ ကိစ္စလည်းရှိနေပြီး၊ UEFA စည်းမျဉ်းများအရ ဥရောပပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၃၁ တွင် အဆုံးသတ်ရမယ်လို့ ချမှတ်ထားတဲ့အတွက် ရန်းနက်စ်အသင်းနဲ့ ယူရိုကွန်ဖရန့်လိဂ် အုပ်စုပွဲစဉ်ကို ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အပြီးသတ်ကစားပေးရဖွယ်ရှိနေပါတယ်။
 
Linko
လန်ဒန်၊ ဒီဇင်ဘာ - ၁၀