【 အားကစား 】 ကိုဗစ်ကူးစက်မှုကြောင့် မန်ယူအသင်းပွဲစဉ်ကို ရွှေ့ဆိုင်း

【 အားကစား 】 ကိုဗစ်ကူးစက်မှုကြောင့် မန်ယူအသင်းပွဲစဉ်ကို ရွှေ့ဆိုင်း

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုဖြစ်တဲ့ ဘရန်ဖို့ဒ်နဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်မယ့် ပွဲစဉ်ကို ကိုဗစ်ကူးစက်မှုကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်ကူးစက်မှုကို ကာကွယ်ရန် မန်ယူအသင်းမှ ၎င်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို တနင်္လာနေ့က ၂၄ နာရီကြာ ပိတ်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီဖြစ်ကြောင်း မန်ယူအသင်းဘက်က အတည်ပြုခဲ့ပါတယ်။

နော်ဝစ်ခ်ျအသင်းကို အနိုင်ရရှိတဲ့ ပွဲစဉ်အပြီးမှာ မန်ယူအသင်းအတွင်း ကစားသမားအချို့နဲ့ ဝန်ထမ်းများမှာ ကိုဗစ်ကူးစက်မှုများ ရှိနေတယ်လို့ သတင်းများထွက်ပေါ်ပြီးနောက် ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းရန်အတွက် တနင်္လာနေ့ညနှောင်းပိုင်းမှာ ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ ဗြိတိန်အတွင်း အိုမီခရွန်မျိုးကွဲသစ် ကူးစက်မှုများဟာ အလျင်အမြန်ပဲ တိုးမြင့်လာလျက်ရှိနေပါတယ်။မန်ယူအသင်းရဲ့ ကူးစက်မှုများမတိုင်ခင်ကလည်း စပါးအသင်းမှာ ကိုဗစ်ကူးစက်မှုများ တွေ့ရှိခဲ့တာကြောင့် ပွဲစဉ်များကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ဒါ့အပြင် အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ပွဲစဉ်များကို ရွှေ့ဆိုင်းလျက်ရှိနေပါတယ်။

မန်ယူအသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာတော့ "ပထမအသင်းမှာရှိတဲ့ ကစားသမားများနဲ့ ဝန်ထမ်းများအကြား အပြုသဘောဆောင်တဲ့ LFT Covid-19 စမ်းသပ်မှုများကို PCR အတည်ပြုပြီးနောက်မှာ ရောဂါဖြစ်ပွားကူးစက်မှုဟာ ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေပါတယ်၊ နောက်ထပ်ကူးစက်မှုများကို တားဆီးရန်အတွက် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ၂၄ နာရီ ပိတ်ပင်ထားမှာဖြစ်ပြီး၊ ကိုဗစ်ကူးစက်မှု အတည်ပြုထားသူတွေကို ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းများအတိုင်း သီးခြားခွဲထားပါတယ်၊ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်များကို ဖျက်သိမ်းပြီးနောက် ကစားသမားများနှင့် ဝန်ထမ်းများကို ကူးစက်မှုက ကာကွယ်ရန်အတွက် ပွဲစဉ်ကို ပြန်လည်စီစဉ်ပေးရန် တောင်းဆိုခဲ့ပါတယ်၊ ပရီးမီးယားလိဂ် ဆေးဘက်ဆိုင်ရာများရဲ့ အကြံပြုချက်နဲ့ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်" ဟု ဖော်ပြထားပါတယ်။

တနင်္လာနေ့တွင် ပရီးမီးယားလိဂ် ကစားသမားများနှင့် ဝန်ထမ်း ၄၂ ဦးဟာ ကိုဗစ်ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။အဆိုပါကိန်းဂဏန်းများဟာ ခုနစ်ရက်တာကာလအတွင်း စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

Linko
မန်ချက်စတာ၊ ဒီဇင်ဘာ - ၁၄