【 အားကစား 】 ကိုဗစ်ကူးစက်မှု မန်စီးတီးအသင်းဆီရောက်ပြီ

【 အားကစား 】 ကိုဗစ်ကူးစက်မှု မန်စီးတီးအသင်းဆီရောက်ပြီ

လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်နဲ့ အာဆင်နယ်အသင်း နည်းပြ အာတီတာတို့ ကိုဗစ်ကူးစက်ခံရအပြီးမှာပဲ နောက်ထပ် ပရီးမီယားလိဂ် နည်းပြကြီးတစ်ဦးဟာလည်း ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်ပါတယ်။

ယခုကိုဗစ်ကူးစက်ခံလိုက်ရတဲ့ နည်းပြကြီးကတော့ မန်စီးတီအသင်းရဲ့ ပက် ဂွာဒီယိုလာပဲ ဖြစ်ပါတယ်။

နည်းပြကြီး ပက် ဂွာဒီယိုလာ ကိုဗစ်ကူးစက်ခံလိုက်ရပြီးနောက် မန်စီးတီးအသင်းရဲ့ ကစားသမား ၂၁ ဦးနဲ့ ဝန်ထမ်းများဟာ သီးခြားခွဲနေထိုင်နေကြပြီဖြစ်တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။နည်းပြကြီး ဂွာဒီယိုလာအနေနဲ့ ကိုဗစ်ကူးစက်ခံရမှုကြောင့် ဆွင်ဒန်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလားပွဲစဉ်ကိုလည်း လွဲချော်တော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပထမကစားသမား ၇ ဦးခန့်မှာ ကိုဗစ်ကူးစက်မှုနဲ့ ဆက်စပ်နေသည့်အတွက် လက်ရှိအချိန်မှာ သီးခြားခွဲနေထိုင်လျက်ရှိနေပေမယ့် ဆွင်ဒန်းအသင်းနဲ့ ယှဉ်ပြိုင်မယ့် FA ဖလား ပွဲစဉ်ကိုတော့ မရွှေ့ဆိုင်းဘဲ ဆက်လက်ကစားသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကို ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာကတည်းက မန်စီးတီးအသင်း နည်းပြကြီး ဂွာဒီယိုလာဟာ မန်စီးတီးအသင်းတွင်း ကိုဗစ်ကူးစက်မှုများရှိနေကြောင်း အင်တာဗျူးမှာ ပြောကြားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းကြီးများမှာ ကိုဗစ်ကူးစက်မှုများ မြင့်တက်လျက်ရှိနေပြီး လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ဟာလည်း လီဗာပူးလ်အသင်းတွင်း ကိုဗစ်ကူးစက်မှုများကြောင့် ဖျက်သိမ်းခဲ့ရပါသေးတယ်။

Linko
မန်ချက်စတာ၊ ဇန်နဝါရီ - ၇