【 အားကစား 】 ကွင်းအတွင်း ပြေးဝင်လာတဲ့ ကလေးငယ်ကို တန်ဖိုးကြီးလက်ဆောင်ပေးခဲ့တဲ့ စီရော်နယ်လ်ဒို

【 အားကစား 】 ကွင်းအတွင်း ပြေးဝင်လာတဲ့ ကလေးငယ်ကို တန်ဖိုးကြီးလက်ဆောင်ပေးခဲ့တဲ့ စီရော်နယ်လ်ဒို

အိုင်ယာလန်အသင်းနဲ့ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မန်ယူအသင်းရဲ့ ကစားသမား စီရော်နယ်လ်ဒိုအနေနဲ့ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

စီရော်နယ်လ်ဒိုအနေနဲ့ ပွဲချိန်အတွင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် စိတ်ပျက်နေခဲ့ပေမယ့် လူသားဆန်တဲ့ အပြုအမူကိုတော့ ပြသသွားခဲ့ပါတယ်။

အိုင်ယာလန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ၀-၀ ဂိုးရလဒ်နဲ့ သရေပွဲအဖြစ် ပြီးဆုံးသွားချိန်မှာတော့ ကွင်းအတွင်းသို့ လူတစ်ယောက်ဟာ ဖြတ်ကျော်ပြေးဝင်လာခဲ့ပါတယ်။ထိုလူဟာ ကွင်းလုံခြုံရေးတွေကို ရှောင်တိမ်းပြီး စီရော်နယ်လ်ဒိုဆီ ပြေးလာခဲ့တာဖြစ်ပါတယ်။စီရော်နယ်လ်ဒိုဟာ သူ့ထံပြေးလာနေသော လူကို မြင်တွေ့လိုက်တဲ့အခါမှာတော့ အံ့အားသင့်သွားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဆီကို အရောက်လှမ်းနိုင်ခဲ့သူကတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်လေးဖြစ်ပြီး၊ သူမအတွက် ဘဝမှာ မမေ့နိုင်တဲ့ အခိုက်အတန့်လေးကို ခံစားနိုင်ခဲ့ပါတယ်။မိန်းကလေးငယ်လေးဟာ သူမရဲ့ စံပြကစားသမားဖြစ်သူ စီရော်နယ်လ်ဒိုရဲ့ အသိအမှတ်ပြု ပွေ့ဖက်မှုအပြင် အင်္ကျီကိုလည်း ရယူနိုင်ခဲ့ပါတယ်။မိန်းကလေးငယ်ဟာ စီရော်နယ်လ်ဒိုရဲ့ တန်ဖိုးကြီးမားတဲ့လက်ဆောင် ကျောနံပါတ် ၇ အင်္ကျီကို ရရှိပြီးနောက် မျက်ရည်ကျခဲ့ပြီး ကွင်းအတွင်းမှ ပရိတ်သတ်များကလည်း အားပေးခဲ့ကြပါတယ်။

မိန်းကလေးငယ်လေးသာမက လူငယ်လေးတစ်ဦးဟာလည်း စီရော်နယ်လ်ဒိုဆီ ပွေ့ဖက်ရန် ပြေးလာခဲ့ပေမယ့် ထိုသူကိုတော့ ကွင်းလုံခြုံရေးများက တားဆီးနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ပွဲချိန်အတွင်း ဂိုးမသွင်းနိုင်ခဲ့လို့ စိတ်ပျက်နေပေမယ့်လည်း မိန်းကလေးငယ်လေးအပေါ် လူသားဆန်တဲ့ အပြုအမူကို ပြသခဲ့ပြီး ပရိတ်သတ်များရဲ့ ချီးကျူးဂုဏ်ပြုမှုကို ရရှိခဲ့ပါတယ်။

Linko
ဒတ်ဘလင်၊ ‌နိုဝင်ဘာ - ၁၂