【 အားကစား 】 ချဲလ်ဆီးကိုရောင်းချပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီမယ့် အေဘရာမိုဗစ်ခ်ျ

【 အားကစား 】 ချဲလ်ဆီးကိုရောင်းချပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီမယ့် အေဘရာမိုဗစ်ခ်ျ

ရိုမန် အေဘရာမိုဗစ်ခ်ျဟာ အင်္ဂလန်ကလပ်အသင်းဖြစ်တဲ့ ချဲလ်ဆီးကို အရောင်းစာရင်းတင်ထားပြီဖြစ်ပြီး ၎င်းရဲ့ ချေးငွေ ပေါင် ၁.၅ ဘီလီယံကို ပြန်လည်ပေးဆပ်ရန် တောင်းဆိုမှာမဟုတ်ကြောင်း အတည်ပြုထားပါတယ်။

ဒါ့အပြင် ရရှိအမြတ်ငွေအားလုံးကိုလည်း ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်မှုကြောင့် စစ်ပွဲသားကောင်ဖြစ်ခဲ့ရသူတွေကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီအသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနေ့ရက်တွေဖြစ်နေတဲ့ လက်ရှိအချိန်မှာတော့ ဆွစ်ဇာလန် ဘီလျံနာ Hansjorg Wyss နဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Todd Boehly တို့ ပူးပေါင်းပြီး ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။ဒါ့အပြင် စိတ်ပါဝင်စားသူများအနေနဲ့ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင်လေလံဆွဲရန် ဖိတ်ခေါ်ထားပါတယ်။ဝယ်ယူရန် ကမ်းလှမ်းမှုများကို ယခုအပတ်အတွင်း တင်သွင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။အနည်းဆုံး ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားပြီးဖြစ်ကြောင်း သတင်းများက အခိုင်အမာဖော်ပြထားပေမယ့် အတည်မပြုနိုင်သေးပါဘူး။

ချဲလ်‌ဆီးအသင်းကို ရောင်းချမယ့် အေဘရာမိုဗစ်ခ်ျဘက်ကတော့ ရရှိငွေများကို စစ်ရဲ့သားကောင်ဖြစ်ရသူတွေကို လှူဒါန်းသွားမယ်လို့ ဆိုထားတဲ့အတွက် ကလပ်အသင်းကိုရောင်းချမှု လုပ်ငန်းစဉ်များဟာ ပိုမိုမြန်ဆန်လာဖို့ရှိနေပါတယ်။

ဆွစ်ဇာလန် ဘီလျံနာ Wyss ကတော့ ချဲလ်ဆီးအသင်းကို လေလံဆွဲရန် ပါတီလေးခုကို ဖိတ်ခေါ်ထားကြောင်း ပြောကြားခဲ့သော်လည်း အခြားသော စိတ်ဝင်စားမှုများလည်း တိုးလာလျက်ရှိနေပါတယ်။

ဗြိတိန် လေဘာပါတီခေါင်းဆောင် Keir Starmer မှ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ် ဂျွန်ဆင်ဘက်က ရုရှားသူဌေး အေဘရာမိုဗစ်ခ်ျ ကို ဘာကြောင့် ဒဏ်ခတ်အရေးမယူသေးတာလဲဆိုတာကို မေးမြန်းခဲ့ပေမယ့် ချဲလ်ဆီးရောင်းချရမှုကနေ အလှူငွေအများအပြားလှူဒါန်းဖို့ ပြင်ဆင်ထားတာကြောင့် သူ့ရဲ့ ပိုင်ဆိုင်မှုတွေဟာ မသေချာဘူးလို့ ဆိုပါတယ်။

ထုတ်ပြန်ချက်တစ်ခုမှာ အေဘရာမိုဗစ်ခ်ျ က "ကျနော်က ကလပ်အပေါ် အကောင်းဆုံးစိတ်ပါဝင်စားမှုနဲ့ ဆုံးဖြတ်ချက်တွေချခဲ့ပါတယ်၊ လက်ရှိအခြေအနေမှာ ကလပ်အသင်း၊ ပရိတ်သတ်တွေ၊ ဝန်ထမ်းတွေအပြင် ကလပ်ရဲ့ စပွန်ဆာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကျိုးစီးပွားတွေအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တာကြောင့် ကလပ်ကိုရောင်းချဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် "ကလပ်ကို ရောင်းချမှုဟာ တိကျတဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမှာပါ၊ ပြန်ဆပ်ရမယ့် ချေးငွေတွေကို ကျနော်မတောင်းပါဘူး၊ ဒီကလပ်က ကျနော့်အတွက် စီးပွားရေး၊ ငွေရေးကြေးရေးတို့နဲ့ပတ်သက်တာ မဟုတ်ပါဘူး၊ ထို့အပြင် ရောင်းချမှုမှရရှိတဲ့ အမြတ်ငွေအားလုံးကို လှူဒါန်းမယ့် ပရဟိတဖောင်ဒေးရှင်းတစ်ခု ထူထောင်ရန် ကျနော့်ရဲ့အဖွဲ့ကို ညွှန်ကြားထားပါတယ်။အခြေခံအနေနဲ့ ယူကရိန်းစစ်ပွဲရဲ့ သားကောင်များအတွက် အကျိုးရှိစေမှာပါ၊ လှူဒါန်းမယ့်အထဲမှာ ဒုက္ခသည်များ အရေးပေါ်လိုအပ်ချက်များအတွက် အရေးကြီးသော ရန်ပုံငွေများ ပံ့ပိုးပေးခြင်းအပြင်၊ ရေရှည်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပံ့ပိုးခြင်းများလည်း ပါဝင်မှာဖြစ်ပါတယ်" ဟု ဆက်လက်ထုတ်ပြန်ထားပါတယ်။

"ဒါဟာ မယုံနိုင်လောက်စရာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဆိုတာ ကျေးဇူးပြ၍ သိထားပေးပါ၊ ဒီလိုပုံစံနဲ့ ကလပ်အသင်းကို ခွဲခွာရတာ နာကျင်စေပါတယ်။ဒါပေမဲ့ ဒါဟာ အသင်းအတွက် အကောင်းဆုံးအကျိုးစီးပွားလို့ ကျနော်ယုံကြည်ပါတယ်၊ အားလုံးကို လူကိုယ်တိုင်နှုတ်ဆက်ဖို့ ကျနော် နောက်ဆုံးအကြိမ် စတန်းဖို့ဒ်ဘရစ်ခ်ျကို လာလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ Chelsea FC ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရခဲ့တာဟာ တစ်သက်တာအခွင့်ထူးဖြစ်ပြီး၊ ကျနော်တို့ရဲ့ ပူးပေါင်းအောင်မြင်မှုတွေအတွက် ဂုဏ်ယူပါတယ်၊ ချဲလ်ဆီးအသင်းနဲ့ ပရိတ်သတ်တွေဟာ ကျနော့်နှလုံးသားထဲမှာ အမြဲတည်ရှိနေမှာပါ၊ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ရိုမန်" လို့ အေဘရာ‌မိုဗစ်ခ်ျ က ထုတ်ပြန်ပေးခဲ့ပါတယ်။

အေဘရာမိုဗစ်ခ်ျအနေနဲ့ ချဲလ်ဆီးအသင်းကို ဝယ်ယူသူများ ရှာဖွေရန် နယူးယော့ခ်အခြေစိုက် ကုန်သည်ဘဏ် Raine ကို ညွှန်ကြားထားပြီး ချဲလ်ဆီးအသင်းဟာ ပေါင် ၄ ဘီလီယံခန့် တန်ကြေးရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။

Linko
Ref - independent
မတ် - ၃