【 အားကစား 】 စီရော်နယ်လ်ဒိုရဲ့ မန်ယူကစားသမားဘဝ နောက်ဆုံးပွဲမှ အသင်းဖော်များ

【 အားကစား 】 စီရော်နယ်လ်ဒိုရဲ့ မန်ယူကစားသမားဘဝ နောက်ဆုံးပွဲမှ အသင်းဖော်များ

မန်ယူအသင်းမှ ထွက်ခွာပြီး ၁၂ နှစ်ကြာအပြီးမှာတော့ စီရော်နယ်လ်ဒိုတစ်ယောက် မန်ယူအသင်းဆီကို ပြန်လာခဲ့ပါပြီ။
 
စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းထံသို့ ၂၀၀၃ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး၊ မန်ယူအသင်းမှာ ၆ နှစ်ကစားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဆီသို့ ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
 
စီရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ် မေလ ၂၇ ရက်မှာ မန်ယူအသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားပေးခဲ့ပါတယ်။ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။
 
ယခုတော့ စီရော်နယ်လ်ဒို မန်ယူ‌အသင်းဆီ ပြန်ရောက်လာပြီးနောက် လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် စီရော်နယ်လ်ဒိုရဲ့ မန်ယူကစားသမားဘဝ နောက်ဆုံးပွဲမှာ ၎င်းရဲ့အသင်းဖော်တွေ ဘယ်ဆီရောက်နေပြီလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
 
၁။ အီဒွင် ဗန်ဒါဆား (ဂိုးသမား)
 နယ်သာလန် ဂိုးသမားကြီး ဗန်ဒါဆား ကို ဘောလုံးပရိတ်သတ်‌ေတွအကုန်သိကြမှာပါ။ ၂၀၁၁ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အနားယူပြီးနောက် ယခုလက်ရှိမှာတော့ နယ်သာလန်ကလပ်အသင်း အေဂျက်ဇ်ရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
 
၂။ ဂျွန် အိုရှေး (ညာနောက်ခံ)
မန်ယူအသင်းရဲ့ လူငယ်ထုတ်ကုန်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဘောလုံးကစားခြင်းက အနားယူခဲ့ပါတယ်။လက်ရှိမှာ ရီဒင်းအသင်းရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
 
၃။ ရီယို ဖာဒီနန် (နောက်ခံလူ)
အင်္ဂလန်အသင်းရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးပါပဲ။မန်ယူအသင်းအတွက် ၁၂ နှစ်ကြာ ကစားပေးခဲ့ပြီး၊ လက်ရှိမှာတော့ TV show တွေမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်လျက်ရှိနေပါတယ်။
 
၄။ နီမန်ဂျာ ဗီဒစ် (နောက်ခံလူ)
ဖာဒီနန်၊ ဗီဒစ် နောက်တန်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပါတယ်။မန်ယူအသင်းကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခွာသွားခဲ့ပါတယ်။
 
၅။ ပက်ထရစ် အီဗရာ (ဘယ်နောက်ခံ)
မန်ယူအသင်းဆီကို ၂၀၀၆ ခုနှစ်မှာ မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။စီရော်နယ်လ်ဒိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဘောလုံးကစားခြင်းမှ အနားယူခဲ့ပါတယ်။
 
၆။ အန်ဒါဆန် (ကွင်းလယ်)
အန်ဒါဆန် ကို မန်ယူပရိတ်သတ်တွေ အများကြီးမျှော်လင့်ခဲ့ကြပေမယ့် မန်ယူအသင်းက ထွက်ခွာပြီးနောက် မထင်မရှားဘဝနဲ့ပဲ ဇာတ်သိမ်းသွားခဲ့ပါတယ်။
 
၇။ မိုက်ကယ် ကာရစ် (ကွင်းလယ်)
မန်ယူအသင်းနဲ့ ၂၀၀၆ ခုနှစ်မှာ ပေါင်းစည်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဘောလုံးကစားခြင်းမှ အနားယူခဲ့ပါတယ်။လက်ရှိမှာတောါ မန်ယူနည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
 
၈။ ရွင်ယန် ဂစ်စ် (ကွင်းလယ်)
မန်ယူတစ်သင်းမှာသာ ကစားခဲ့တဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်ပါတယ်။မန်ယူအသင်းမှာလည်း လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဝေးလ်စ်လက်ရွေးစင် နည်းပြအဖြစ်မှ ၂၀၂၁ ခုနှစ် ဧပြီလမှာ နုတ်ထွက်ခဲ့ပါတယ်။
 
၉။ ပက်ဂျီဆန် (ညာတောင်ပံ)
အာရှတိုက်ရဲ့ ကြီးမြတ်တဲ့ ကစားသမားကြီးဖြစ်ပါတယ်။လက်ရှိမှာ ကိုရီးယားရဲ့ ထိပ်တန်းကလပ်အသင်းကြီးကို အကြံပေးအဖြစ် တာဝန်ယူ လုပ်ကိုင်နေပါတယ်။
 
၁၀။ ဝိန်း ရွန်နီ (ရှေ့တန်း)
မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်သလို ဂန္တဝင်တစ်ဦးလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
 
၁၁။ ပေါလ် စခိုးစ် (လူစားဝင်)
ဂစ်စ်လိုပဲ မန်ယူတစ်သင်းမှာသာ ကစားခဲ့တဲ့ ဂန္တဝင်ကြီးတစ်ဦးဖြစ်ပါတယ်။အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားတွေထဲက တစ်ဦးဖြစ်ပြီး ဘောလုံးနည်းပြအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။
 
၁၂။ ကားလို့စ် တီဗက်ဇ် (လူစားဝင်)
မန်ယူ၊ မန်စီးတီး မန်ချက်စတာမြို့ခံပြိုင်ဘက် နှစ်သင်းလုံးမှာကစားခဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့ ဘောလုံးကစားသမားဘဝကို အနားယူခြင်းမရှိသေးပါဘူး။
 
၁၃။ ဒီမီတာ ဘာဘာတော့ဗ် (လူစားဝင်)
မန်ယူပရိတ်တွေ ကြိုက်နှစ်သက်တဲ့ တိုက်စစ်မှူးကြီးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဘောလုံးကစားခြင်းမှ အနားယူခဲ့ပါတယ်။
 
 
ယခုဖော်ပြခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ အသင်းဖော် ၁၃ ဦးဟာ ဥရောပဘောလုံးဇာတ်ခုံပေါ်မှာ မရှိကြတော့ပါဘူး၊ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုလည်း ၎င်းရဲ့အိမ်ဖြစ်တဲ့ မန်ယူအသင်းကို ပြန်ရောက်ပြီး ဘောလုံးပရိတ်သတ်တွေကို ဘယ်အချိန်လောက်ထိ ဖျော်ဖြေမှုပေးနိုင်ဦးမလဲဆိုတာကတော့ ... ။
 
Linko
မန်ချက်စတာ၊ စက်တင်ဘာ - ၁၃