【 အားကစား 】 စီရော်နယ်လ်ဒို ကို မြင်တွေ့ရဖို့ မရေမရာဖြစ်လာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ

【 အားကစား 】 စီရော်နယ်လ်ဒို ကို မြင်တွေ့ရဖို့ မရေမရာဖြစ်လာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲထံကို အရောက်လှမ်းနိုင်ဖို့အတွက် ရှုံးထွက်အဆင့်ပွဲစဉ်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။
 
ရှုံးထွက်အဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဘောလုံးပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာအဖြစ်အပျက်တော့ စီရော်နယ်လ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းတို့ဟာ ထိပ်တိုက်တွေ့ဆုံသွားတော့မှာဖြစ်တဲ့အတွက် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စီရော်နယ်လ်ဒို ကို မြင်တွေ့ရဖို့ မရေမရာဖြစ်လာခဲ့ပါတယ်။
 
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များကို မဲခွဲခဲ့ရာမှာ
 
(Path A) 
စကော့တလန် - ယူကရိန်း
ဝေးလ်စ် - ဩစတြီးယား
(Path B) 
ရုရှား - ပိုလန်
ဆွီဒင် - ချက်
(Path C)
အီတလီ - မြောက်မက်ဆီဒိုးနီးယား
ပေါ်တူဂီ - တူရကီ တို့ တွေ့ဆုံခဲ့ပြီး၊
 
အုပ်စု ၃ ခုအဖြစ် ခွဲခြားခဲ့ပြီးနောက် စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းတို့ဟာ (Path C) တွင် အုပ်စုတစ်ခုတည်း ကျရောက်ခဲ့တာဖြစ်ပါတယ်။
 
စည်းမျဉ်းအရ (Path A), (Path B) နှင့် (Path C) အုပ်စု ၃ ခုမှ အနိုင်ရရှိသော ၃ သင်းသာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
 
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ငါးကြိမ်ရရှိထားတဲ့ စီရော်နယ်လ်ဒိုအတွက်တော့ ဒီမဲခွဲမှုဟာ စိတ်ပျက်စရာဖြစ်နေမှာပါ၊ စီရော်နယ်လ်ဒိုဟာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့အတွက် ‌၄ နှစ် တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်နှစ်ထဲမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းအတွက် နောက်ဆုံးယှဉ်ပြိုင်ခွင့်ရရှိမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်သွားနိုင်ပါတယ်။
 
အီတလီအသင်း နည်းပြ မန်စီနီကတော့ "ကောင်းပါတယ် ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီအသင်းကို ရှောင်နိုင်ခဲ့လို့၊ သူတို့လည်း ကျနော်တို့ကို ရှောင်နိုင်ခဲ့တယ်၊ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ပွဲကောင်းတစ်ပွဲ ကျနော်တို့ကစားမယ်၊ ပြီးရင် ဗိုလ်လုပွဲမှာ တွေ့ကြတာပေါ့" လို့ RAI2 သို့ ပြောကြားခဲ့ပါတယ်။
 
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၄ ကြိမ်ဆွတ်ခူးထားတဲ့ အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ရှုံးထွက်အဆင့် ဆွီဒင်အသင်းကို ရှုံးနိမ့်ကာ နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားဝင်ရောက်ခွင့်ကို ဆုံးရှုံးခဲ့ရဖူးပါတယ်၊ ယခုလည်း ရှုံးထွက်အဆင့်မှာ ရှုံးနိမ့်ခဲ့ပါက ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတဲ့ မှတ်တမ်းဆိုးကို စိုက်ထူသွားနိုင်ပါတယ်။
 
ပေါ်တူဂီအသင်း နည်းပြ ဖာနန်ဒို ဆန်းတို့စ်ကတော့ အီတလီအသင်းနဲ့ တွေ့ဆုံဖွယ်ရှိတဲ့အကြောင်းကို ပြောကြားခဲ့ခြင်းမရှိဘဲ တူရကီအသင်းအကြောင်းကိုသာ ပြောကြားခဲ့ပါတယ်။
 
ဘောလုံးလောကမှာ အမျိုးသားလက်ရွေးစင်အသင်းအတွက် ဂိုးအများသွင်းယူထားပြီး စံချိန်တင်ထားတဲ့ စီရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ တူရကီအသင်းကို အနိုင်ရ‌ရှိဖို့ ကြိုးပမ်းရမှာဖြစ်ပြီး၊ စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီနဲ့ သမိုင်းကြောင်း ကြီးကျယ်တဲ့ အီတလီတို့မှာ ဘယ်အသင်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ကို အမိအရ ဆုပ်ကိုင်သွားမလဲဆိုဝာာကတော့ ....။
 
Linko
ဇူးရစ်ခ်ျ၊ နိုဝင်ဘာ - ၂၇