【 အားကစား 】 စီရော်နယ်လ်ဒို ပင်နယ်လ်တီလွဲချော်မှုနဲ့အတူ FA ဖလားပြိုင်ပွဲက ထွက်ခဲ့ရတဲ့ မန်ယူ

【 အားကစား 】 စီရော်နယ်လ်ဒို ပင်နယ်လ်တီလွဲချော်မှုနဲ့အတူ FA ဖလားပြိုင်ပွဲက ထွက်ခဲ့ရတဲ့ မန်ယူ

မန်ယူအသင်းကတော့ ပင်နယ်လ်တီအဆုံးအဖြတ်မှာ မစ်ဒယ်ဘရော့အသင်းကို ရှုံးနိမ့်ပြီး FA ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

မန်ယူအသင်းဘက်မှာ နိုဝင်ဘာလကတည်းက အသင်းအတွက် မကစားပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာ ပြန်လည်ပါဝင်လာခဲ့ပြီး၊ တောင်ပံကစားသမား ဂျေဒန် ဆန်ချို ခြေစွမ်းပြသခဲ့ပေမယ့် မစ်ဒယ်ဘရော့အသင်းကို အနိုင်ရဖို့အထိတော့ စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။

ပထမပိုင်းပွဲချိန် မိနစ် ၂၀ မှာ မန်ယူအသင်း ပင်နယ်လ်တီပြစ်ဒဏ်ဘော စတင်ရရှိခဲ့ပါတယ်။ပင်နယ်လ်တီကို စီရော်နယ်လ်ဒို ကန်သွင်းပေမယ့် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ထို့နောက်မှာတော့ မန်ယူအသင်း တရစပ်တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၂၅ မိနစ် အရောက်မှာတော့ ဘရူနို ဖာနန်ဒက်စ် ဖန်တီးပေးမှုကနေ ဂျေဒန် ဆန်ချို က မန်ယူအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဦး‌ဆောင်ဂိုးရရှိပြီးနောက်မှာ မန်ယူအသင်းဘက်ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ထိုးဖောက်နေခဲ့ပြီး ကန်သွင်းမှုနှစ်ကြိမ်ဟာ တိုင်ထိခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၄ မိနစ်အရောက်မှာတော့ မတ် ကရော့စ် က မစ်ဒယ်ဘရော့အသင်းအတွက် ချေပဂိုးကို အမှတ်မထင် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၉၀ အတွင်း တစ်ဂိုးစီသရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်လက်ကစားရာမှာတော့ မစ်ဒယ်ဘရော့အသင်းက ပင်နယ်လ်တီအဆုံးအဖြတ်ဆီ ဦးတည်ပြီး စနစ်တကျပိတ်ဆို့ကစားခဲ့တဲ့အတွက် မန်ယူအသင်းဘက်က ထိုးဖောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

ပင်နယ်လ်တီအဆုံးအဖြတ်ခံယူရာမှာ မန်ယူအသင်းဘက်က ပင်နယ်လ်တီ ၈ လုံး ကန်သွင်းခဲ့ရာ ဟွမ် မာတာ၊ မက်ဂွိုင်းယား၊ ဖရဒ်၊ စီရော်နယ်လ်ဒို၊ ဘရူနို ဖာနန်ဒက်စ်၊ တော်မီနေး၊ ဒါလော့တို့ ဂိုးဝင်ခဲ့ပြီး၊ အန်သိုနီ အီလန်ဂါကတော့ လွဲချော်ခဲ့ပါတယ်။

မစ်ဒယ်ဘရော့အသင်းဘက်က ပင်နယ်လ်တီ ၈ လုံးစလုံးကို ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာတော့ ပင်နယ်လ်တီ ၇-၈ ဂိုးရလဒ်နဲ့ မန်ယူအသင်း FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အတွင်း ပင်နယ်လ်တီလွဲချော်ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာလည်း မန်ယူကစားသမားဘဝတစ်လျှောက် ၄ ကြိမ်မြောက် ပင်နယ်လ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။

Linko
Ref - Goal
မန်ချက်စတာ၊ ဖေဖော်ဝါရီ - ၅