【 အားကစား 】 ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး

【 အားကစား 】 ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး

ပြင်သစ်လက်ရွေးစင်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ ၎င်းကာလကြာရှည် ရင်ဆိုင်နေရတဲ့ အမှုဖြစ်တဲ့ လိင်မှုတိပ်ခွေအမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် ဆိုင်းငံ့ထောင်ဒဏ်နဲ့ ငွေဒဏ်ကို ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဘန်ဇီမာဟာ လိင်မှုတိပ်ခွေအမှုမှာ ပြစ်မှုထင်ရှားတဲ့အတွက် ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ်နဲ့အတူ ငွေဒဏ် ယူရို ၇၅,၀၀၀ ကို ပေးဆောင်ရန် ဗာဆိုင်းတရားရုံးက အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဘန်ဇီမာဟာ လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ပြင်သစ်လက်ရွေးစင် အသင်းဖော်ဖြစ်သူ မက်သရူး ဗယ်လ်ဗွေနာ ကို လိင်မှုတိပ်ခွေနဲ့အတူ ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်မှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရဝာာဖြစ်ပါတယ်။စစ်ဆေးမှုများအပြီးမှာတော့ ဗာဆိုင်းတရားရုံးက ပြင်သစ်လက်ရွေးစင်နဲ့ ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူးကြီးကို အပြစ်‌ရှိကြောင်း အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဗာဆိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဘန်ဇီမာရဲ့ အားကစားအနာဂတ်ကို သက်ရောက်နိုင်ဖွယ်မရှိပါဘူး။လက်ရှိမှာ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ခြေစွမ်းပြသနေပြီး Ballon d'Or ဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမားတွေ စာရင်းမှာလဲ ပါဝင်ထားတာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ နိုအဲ လီ ဂရိတ်ကတော့ "ဘန်ဇီမာမှာ အပြစ်ရှိကြောင်း တွေ့ရှိလျှင်ပင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဆက်လက်ကစားခွင့်ပြုမယ်" လို့ ဆိုပါတယ်။

ဘန်ဇီမာရဲ့ ရှေ့နေများကတော့ အဆိုပါဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဆိုထားပါတယ်။

ဘန်ဇီမာဘက်ကလည်း လိင်မှုတိပ်ခွေအမှုနှင့်ပတ်သက်ပြီး ၎င်းပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ဘန်ဇီမာအနေနဲ့ ပမာဏစွဲချက်တင်ခံရပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်း နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် က ဘန်ဇီမာ ကို လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခဲ့ပါတယ်။အဆိုပါထုတ်ပယ်ခံရမှုကြောင့် ဘန်ဇီမာဟာ ယူရို ၂၀၁၆ ပြိုင်ပွဲနဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတို့ကို လွဲချော်ခဲ့ရပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲ မတိုင်မီမှာတော့ ပြင်သစ်လက်ရွေးစင်အသင်း နည်းပြ ဒက်စ်ချမ့်စ် က ဘန်ဇီမာ ကို လက်ရွေးစင်အသင်းဆီသို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

Linko
ဗာဆိုင်း၊ နိုဝင်ဘာ - ၂၅