【 အားကစား 】 ဆိုးလ်ရှားအလွန် မန်ယူနည်းပြ ဘယ်သူဖြစ်လာမလဲ

【 အားကစား 】 ဆိုးလ်ရှားအလွန် မန်ယူနည်းပြ ဘယ်သူဖြစ်လာမလဲ

မန်ယူအသင်းကတော့ ရလဒ်‌ဆိုးတွေ ဆက်တိုက်ကြုံတွေ့ရပြီးတဲ့နောက်မှာ နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

မန်ယူအသင်းဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်စာထဲမှာတော့ နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ်တယ်လို့ ရေးသားခဲ့ခြင်းမရှိဘဲ နှစ်ဦးသဘောတူ နှုတ်ထွက်တဲ့သဘောကိုပဲ ရေးသားထားတာကိုလည်း မြင်တွေ့ရပါတယ်။

လတ်တလော ရေပန်းစားနေတဲ့ သတင်းကတော့ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး သမိုင်းရှိတဲ့ မန်ယူအသင်းကို ဆိုးလ်ရှား အလွန်မှာ ဘယ်သူကိုင်တွယ်မလဲဆိုတာပါပဲ။အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ယူအသင်းကို ကိုင်တွယ်မယ့် နည်းပြသစ်ဟာ လတ်တလော မန်ယူအသင်းကြုံတွေ့နေရတဲ့ ရလဒ်ဆိုးတွေကို ဖြေရှင်းပြီး လမ်းကြောင်းမှန်‌ပေါ်ရောက်ရှိအောင် ပြုလုပ်ရပေးနိုင်ရမှာဖြစ်သလို ဆုဖလားအောင်မြင်မှုတွေကိုလည်း ရယူပေးနိုင်ရမှာဖြစ်ပါတယ်။

လက်ရှိ ဘောလုံးလောကအတွင်းမှာ နည်းပြကောင်းတွေဟာ ရှားပါးနေပြီဖြစ်ပြီး အတွေ့အကြုံရင့် နည်းပြတိုင်းဟာလည်း လက်ရှိအချိန်မှာ သက်ဆိုင်ရာကလပ်အသင်းတွေမှာ တည်တည်ငြိမ်ငြိမ် နည်းပြလျက်ရှိတာကြောင့်လည်း မန်ယူအသင်းအတွက် နည်းပြသစ်ရှာပုံတော်ဖွင့်မှုဟာ အနည်းငယ်ခက်ခဲဖွယ်တော့ ရှိလာမှာဖြစ်ပါတယ်။

လတ်တလော မန်ယူအသင်းအတွက် ရေပန်းစားနေတဲ့ နည်းပြများကတော့ ---

ဇနဒင်း ဇီဒန်း

ရီးရဲလ်မက်ဒရစ်အသင်းကို အောင်မြင်မှုတွေရယူပေးခဲ့ပြီးနောက် လမ်းခွဲလာခဲ့တဲ့ နည်းပြကြီး ဇနဒင်း ဇီဒန်းဟာ မန်ယူအသင်းအတွက် သင့်တော်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ဇီဒန်းဟာ အင်္ဂလိပ်စကားကို သေချာစွာ မပြောနိုင်တဲ့အတွက် မန်ယူအသင်းရဲ့ နည်းပြရာထူးကို ကိုင်တွယ်ဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။

ဂျူလန် လိုပက်တီဂွီ

ဆီဗီလာအသင်းကို ယူရိုပါလိဂ်ဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကို နည်းပြခဲ့ဖူးတဲ့ နည်းပြ လိုပက်တီဂွီ ကို မန်ယူအသင်းဘက်က စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။

ဘရန်ဒန် ရော်ဂျာစ် (လက်စတာနည်းပြ)

မန်ယူအသင်းနဲ့ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာစ်တို့ သတင်းများအကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပါတယ်။လက်စတာအသင်းကို အဆင်တစ်ဆင့် ပိုမြှင့်တင်ပေးနိုင်ခဲ့ပေမယ့် ချဲလ်ဆီးနည်းပြ ကွန်တီ၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်တို့နဲ့ ယှဉ်ရင်တော့ ရောဂျာစ်ဟာ အတွေ့အကြုံနဲ့ အောင်မြင်မှုမှ နိမ့်ပါးလျက်ရှိနေပါတယ်။

မာရူစီယို ပိုချက်တီနို (PSG နည်းပြ)

လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်အတွဲကို ကိုင်တွယ်နေတဲ့ နည်းပြ ပိုချက်တီနိုဟာလည်း မန်ယူအသင်းနဲ့ သတင်းထွက်ပေါ်လျက်ရှိနေပါတယ်။နည်းပြ ပိုချက်တီနိုအနေနဲ့ ဖိအားများတဲ့ PSG အသင်းကို စွန့်ခွာပြီး မန်ယူအသင်းထံ ပြောင်းရွှေ့နည်းပြမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ရော်နယ်လ် ကိုးမန်း

ဘာစီလိုနာအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ရော်နယ်လ်ကိုးမန်းဟာလည်း မန်ယူအသင်းနဲ့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမယ့် နယ်သာလန်နိုင်ငံသား နည်းပြတစ်ဦးဖြစ်တဲ့ လူးဝစ်စ် ဗန်ဂါးလ်နဲ့ အဆင်မပြေခဲ့တဲ့ မန်ယူအသင်းဟာ နောက်ထပ် နယ်သာလန်နိုင်ငံသားတစ်‌ဦးကို ခန့်အပ်ဖို့ကတော့ ဖြစ်နိုင်ချေနည်းပါးပါတယ်။

လတ်တလောမှာတော့ မန်ယူအသင်းဘက်က ယာယီနည်းပြအဖြစ် ကစားသမားဟောင်း မိုက်ကယ် ကားရစ် ကို ခန့်အပ်ထားပြီး ဗီလာရီးရဲလ်အသင်းနဲ့ကစားမယ့် ဥရောပချန်ပီယံလိဂ်ပွဲစဉ်မှာ စတင်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ နိုဝင်ဘာ - ၂၂