【 အားကစား 】 ဇူးမား ကို ဝက်စ်ဟမ်းထံ ရောင်းချခဲ့မှုအတွက် တူချယ်လ် ကို ဂလင်းဂျွန်ဆင် မေးခွန်းထုတ်

【 အားကစား 】 ဇူးမား ကို ဝက်စ်ဟမ်းထံ ရောင်းချခဲ့မှုအတွက် တူချယ်လ် ကို ဂလင်းဂျွန်ဆင် မေးခွန်းထုတ်

ချဲလ်ဆီးအသင်းမှာ ၇ နှစ်ကြာ ကစားခဲ့တဲ့ နောက်ခံလူ ကတ်ဇူးမားဟာ ဝက်စ်ဟမ်းအသင်းဆီကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ပြီးသွားပါပြီ။
 
ချဲလ်ဆီးအသင်းဟာ ဇူးမား ကို ရောင်းချပြီးနောက် ဆီဗီလား နောက်ခံလူ ကွန်ဒီ ကို ခေါ်ယူရေး ကြိုးပမ်းခဲ့ရမှာတော့ မအောင်မမြင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။
 
ချဲလ်ဆီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ဂလင်းဂျွန်ဆင်ကတော့ ချဲလ်ဆီးအသင်းရဲ့ ဇူးမား ကို ရောင်းချမှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
 
"ဝက်စ်ဟမ်းအသင်းရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ ဇူးမား ကို လက်မှတ်ထိုးခေါ်ယူနိုင်ခဲ့ခြင်းကို ကြိုက်နှစ်သက်မိပါတယ်၊ ကျနော့်အထင်တော့ ဝက်စ်ဟမ်းအသင်းရဲ့ ကောင်းမွန်တဲ့ ခေါ်ယူမှုပါ" လို့ ဂလင်းဂျွန်ဆင် က ပြောကြားခဲ့ပါတယ်။
 
"ချဲလ်ဆီးအသင်းရဲ့ ရှုထောင့်ဘက်ကို ပြန်ကြည့်မယ်ဆိုရင်တော့ ကျနော့်အနေနဲ့ ဇူးမား ကို ချဲလ်ဆီးအသင်းရောင်းချခဲ့တာကို အံ့အားသင့်မိပါတယ်" လို့ ဂလင်းဂျွန်ဆင် က ဆိုပြီး " ချဲလ်ဆီးနည်းပြ  သောမတ်စ် တူချယ်လ်နဲ့ ဇူးမားတို့အကြားမှာ ပြဿနာတစ်ခုခုရှိနိုင်မယ်ဆိုတာ မသိပေမယ့် သာမန်အချိန်ဆို ချဲလ်ဆီးက ဇူးမား ကို ရောင်းချမှာမဟုတ်ပါဘူး၊ ကျနော်ကတော့ တူချယ်လ်နဲ့ ဇူးမားအကြား ပုဂ္ဂိုလ်ရေးပြဿနာလေးတွေရှိမယ်လို့ ယုံကြည်တယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
 
ချဲလ်ဆီးအသင်းဟာ နောက်ခံလူ ဇူးမား ကို ရောင်းချခဲ့ရပြီး၊ ဆီဗီလားမှ ကွန်ဒီ ကို မခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ လူငယ်ကစားသမားလေး ထရေဗာ ချာလိုဘာ ခြေစွမ်းပြသနေမှုကြောင့် နောက်တန်းအင်အားလျော့နည်းသွားဖွယ်မရှိဘူးလို့ ချဲလ်ဆီးပရိတ်သတ်တွေက ယုံကြည်လျက်ရှိနေပါတယ်။
 
Linko
စက်တင်ဘာ - ၉