【 အားကစား 】 နည်းပြသစ်ကို ကယ်တင်လိုက်တဲ့ ဖရက်ဒ်နဲ့ ယခုတစ်ပတ် ဘောလုံးသတင်း

【 အားကစား 】 နည်းပြသစ်ကို ကယ်တင်လိုက်တဲ့ ဖရက်ဒ်နဲ့ ယခုတစ်ပတ် ဘောလုံးသတင်း

ယခုဘောလုံးရက်သတ္တပတ်မှာတော့ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ကတော့ အမှားအယွင်းမရှိခဲ့ပဲ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး မန်ယူအသင်းကလည်း နည်းပြသစ် ရန်နစ်ခ် ကိုင်တွယ်တဲ့ ပထမဆုံးပွဲမှာ ပေးဂိုးမဲ့နိုင်ပွဲရရှိခဲ့ပါတယ်။

အမှတ်ဇယားထိပ်မှာ ဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်းကတော့ အသင်းကြီးတွေကို ဆက်တိုက်အနိုင်ယူနေတဲ့ ဝက်စ်ဟမ်းအသင်းနဲ့အတွေ့မှာတော့ ပထမဆုံး အဝေးကွင်းရှုံးပွဲအရသာကို မြည်းစမ်းခဲ့ရပါတယ်။

အမှားအယွင်းမရှိပဲ ဇယားထိပ်ကို တက်လှမ်းလာတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်

မန်စီးတီးအသင်းကတော့ သူတို့အသင်းရဲ့ ထုံးစံအတိုင်းပဲ ဝက်ဖို့ဒ်အသင်းကို တစ်ဖက်သတ်ဖိကစားသွားခဲ့ပြီး လိုအပ်တဲ့ အနိုင် ၃ မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။လီဗာပူးလ်အသင်းကတော့ ဝုဗ်အသင်းကို တစ်ဖက်သတ်ဖိကစားခဲ့ပေမယ့် ဝုဗ်အသင်း ဂိုးသမားနဲ့ နောက်တန်းတွေ ပုံစံကောင်းပြသခဲ့တာကြောင့် ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ထုံးစံအတိုင်းပဲ လီဗာပူးလ် အခက်အခဲဖြစ်နေချိန်တိုင်း အကြိမ်ကြိမ်ကယ်တင်ခဲ့ပေးတဲ့ လူစားဝင်တိုက်စစ်မှူး အိုရီဂီ က ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ် ၃ မှတ်နဲ့အတူ အိမ်အပြန်မျက်နှာပန်းလှခဲ့တာဖြစ်ပါတယ်။

ပွဲပန်းနေတဲ့ ချဲလ်ဆီးနဲ့ အမှားတွေစလုပ်လာတဲ့ မန်ဒီ

မန်စီးတီး၊ မန်ယူနဲ့ လီဗာပူးလ်အသင်းတို့ကို အနိုင်ယူလာခဲ့တဲ့ ဒေးဗစ်မိုရက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းဟာ ချဲလ်ဆီးအသင်းကိုလည်း အနိုင်ယူနိုင်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းက ဖိအားပေးကစားခဲ့တယ်ဆိုပေမယ့် ဂိုးသမား မန်ဒီရဲ့ ဆုံးဖြတ်မှုတွေ မပြတ်သားခဲ့မှုက အနိုင် ၃ မှတ်နဲ့ ဝေးကွာစေခဲ့တာဖြစ်ပါတယ်။

နည်းပြသစ်နဲ့အတူ နိုင်ပွဲယူခဲ့တဲ့ မန်ယူ

နည်းပြသစ် ရန်နစ်ခ်ရဲ့ ပထမဆုံးကိုင်တွယ်တဲ့ ပွဲစဉ်မှာတော့ ပေးဂိုးမဲ့နိုင်ပွဲကို မန်ယူအသင်း ရယူနိုင်ခဲ့ပါတယ်။စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အမြဲလိုလိုအမှားအယွင်းတွေ ပြုလုပ်လေ့ရှိတဲ့ ဖရက်ဒ် က မန်ယူအသင်းရဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

နိုင်ပွဲကိုယ်စီနဲ့ ရှေ့ဆက်နေတဲ့ ကွန်တီနဲ့ ဂျရတ်

ကွန်တီရဲ့ စပါးအသင်းကတော့ ဖြေးဖြေးမှန်မှန်နဲ့ပဲ နိုင်ပွဲများရယူလာခဲ့ပါတယ်။လီဗာပူးလ် ဂန္တဝင်ကြီး စတီဗင် ဂျရတ်ကိုတော့ ချီးကျူးရတော့မှာဖြစ်ပြီး ၃ ပွဲကစား ရမှတ် ၉ မှတ်နဲ့အတူ ဗီလာအသင်းကို နိုင်ပွဲဆက်အောင် စွမ်းဆောင်ပေးလျက်ရှိပါတယ်။

ဇာဗီ ပထမဆုံး ရှုံးပွဲကြုံပြီး ရီးရဲလ်နိုင်ပွဲဆက်နေဆဲ

ဘာစီလိုနာအသင်း နည်းပြ ဇာဗီကတော့ ပထမဆုံး ရှုံးပွဲအရသာကို မြည်းစမ်းလိုက်ရပါပြီ။ပင်ကိုယ်ဟန် ကစားကွက်ပါ ပျောက်ဆုံးနေတဲ့ ဘာစီလိုနာအသင်းကို ဇာဗီအနေနဲ့ အချိန်ယူပြီး ပြုပြင်ရတော့မှာဖြစ်ပါတယ်။ရီးရဲလ်အသင်းကတော့ ဗင်နီရှပ် ဂျူနီယာ ခြေစွမ်းပြသမှုနဲ့အတူ နိုင်ပွဲဆက်နေဆဲဖြစ်ပြီး အမှတ်ပေးဇယားကို အမှတ်ဖြတ် ဦးဆောင်လျက်ရှိပါတယ်။

‌မော်ရင်ဟို အခြေအနေမကောင်းတဲ့ စီးရီးအေ

မော်ရင်ဟိုရဲ့ ရိုးမားအသင်းကတော့ အမှတ်ပေးဇယားထိပ်ဆုံးနဲ့ တဖြည်း‌ဖြည်းဝေးကွာလျက်ရှိနေပါတယ်။အေစီမီလန်အသင်းကဝောာ့ နှစ်ပတ်ဆက်တိုက် နိုင်ပွဲယူပြီး အမှတ်ဇယားထိပ်ဆုံးကို တက်လှမ်းလာခဲ့ပါတယ်။

မက်ဆီပါလဲ မနိုင်တဲ့ PSG

PSG အသင်းကတော့ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပါပြီ။ Ballon d'Or ဆုကို ပူပူနွေးနွေးရရှိထားခဲ့တဲ့ မက်ဆီလည်း ဂိုးမသွင်းနိုင်ခဲ့တာ ၃ ပွဲဆက်တိုက်ရှိပြီဖြစ်ပြီး နည်းပြ ပိုချက်တီနိုအနေနဲ့ အဖြေရှာဖွေရတော့မှာဖြစ်ပါတယ်။

Linko
ဒီဇင်ဘာ - ၆