【 အားကစား 】 နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဝောာ့မယ့် ပက်ခ်ဂျီဆန်

【 အားကစား 】 နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဝောာ့မယ့် ပက်ခ်ဂျီဆန်

မန်ယူအသင်းရဲ့ ကွင်းလယ်မှာ မမောမပန်းနဲ့ အားကြိုးမာန်တက်ကစားလေ့ရှိတဲ့ တောင်ကိုရီးယားကစားသမားကြီးကို ဘောလုံးပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။

ဘောလုံးလောကကနေ အနားယူသွားပြီဖြစ်တဲ့ ပက်ခ်ဂျီဆန်ဟာ နည်းပြတစ်ဦးအဖြစ် ပြောင်းလဲရန်အတွက် အသင်းဟောင်းဆီကို လာရောက်လေ့ကျင့်မယ်လို့ သိရပါတယ်။

ပက်ခ်ဂျီဆန် လာရောက်လေ့ကျင့်မယ့် အသင်းဟောင်းဟာ မန်ယူအသင်းတော့ မဟုတ်ပါဘူး၊ မန်ယူအသင်းမှ ထွက်ခွာ‌ပြီးနောက် ပြောင်းရွှေ့ကစားခဲ့တဲ့ ကျူပီအာအသင်းဆီကို လာရောက်လေ့ကျင့်မှာဖြစ်ပါတယ်။ကျူပီအာအသင်းဘက်မှ ပက်ခ်ဂျီဆန်ဟာ "B" နည်းပြလိုင်စင် တစ်စိတ်တစ်ပိုင်းအဖြစ် ယူ-၁၆ အသင်းရဲ့ နည်းပြချုပ်အဖြစ် စနေနေ့မှာ ကြေညာခဲ့ပါတယ်။
 
ပက်ခ်ဂျီဆန်ဟာ မန်ယူအသင်းမှ လွန်ခဲ့သော ၂၀၀၅ ခုနှစ်တွင် စာချုပ်ခေါ်ယူပြီးနောက် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးသော တောင်ကိုရီးယားကစားသမားဖြစ်လာခဲ့ပါတယ်။မန်ယူအသင်းနဲ့အတူလည်း ဥရောပ ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယားကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ နောက်ဆုံးသော အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးရာသီကိုတော့ ၂၀၁၂-၂၀၁၃ ရာသီမှာ ကျူပီအာအသင်းသို့ ပြောင်းရွှေ့ကစားပြီး အနားယူခဲ့ပါတယ်။

ဘောလုံးသမားအဖြစ်ကနေ အနားယူပြီးနောက်မှာတော့ ပက်ခ်ဟာ သူ့ရဲ့ နည်းပြလိုင်စင်နဲ့ ဘောလုံးစီမံခန့်ခွဲရေးမှာ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ပက်ခ်ဟာ Korea Football Association မှာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာ ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်း‌ဆောင်ခဲ့ပြီး၊ လက်ရှိတွင်လည်း K-League 1 ချန်ပီယံ ၅ ကြိမ်ရရှိထားတဲ့ Jeonbuk Hyundai Motors အသင်းရဲ့ အကြံပေးတစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။

"လူငယ်ကစားသမားတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ ကျနော်တကယ်ပဲ စိတ်ဝင်စားမိပါတယ်" လို့ ပက်ခ်ဂျီဆန် က ကျူပီအာအသင်း ဝက်ဘ်ဆိုဒ်မှာ ပြောကြားခဲ့ပါတယ်။

"နည်းပြတွေနဲ့ ကစားသမားတွေဆီကနေ ကျနော်အများကြီးသင်ယူခဲ့ရတယ်၊ ဥရောပကို အာရှ၊ တောင်ကိုရီးယားနဲ့ ယှဉ်ကြည့်ရင်တော့ အုပ်ချုပ်ရေးအပိုင်းနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေမှာ ပိုမိုတိုးတက်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်" ဟု ပက်ခ်ဂျီဆန် က ပြောကြားခဲ့ပါသေးတယ်။

Linko
လန်ဒန်၊ ဒီဇင်ဘာ - ၂၀