【 အားကစား 】 ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်လာတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်

【 အားကစား 】 ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်လာတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်

တန်းဆင်းဇုန်ဖိအားရှိနေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို အန်ဖီးလ်မှာ ၆-၀ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ လီ‌ဗာပူးလ်အသင်းဟာ ထိပ်ဆုံးမှ ဦးဆောင်နေသူ မန်စီးတီးအသင်းနဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ပွဲစီ ကစားပြီးဖြစ်တဲ့အပြင် ပြိုင်ပွဲပြီးဆုံးဖို့ကလည်း ပွဲစဉ်တွေကျန်ရှိနေသေးတဲ့အတွက် ချန်ပီယံဆုအတွက် အပြိုင်အဆိုင် တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲလုံးကို အနိုင်ရပြီး ၁၂ မှတ် ရယူထားခဲ့တဲ့ ကလော့ပ်နဲ့ လီဗာပူးလ်ကစားသမားတွေဟာ လွန်ခဲ့တဲ့နှစ်ပတ်ကတော့ မန်စီးတီးအသင်းနောက် ၁၂ မှတ်အကွာမှာ ရှိနေခဲ့တာပါ။လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းကို ၃ မှတ်အကွာနဲ့ လိုက်လံဖိအားပေးနေပြီဖြစ်ပြီး၊ ဂိုးကွာခြားချက်ကလည်း မန်စီးတီးအသင်းထက် သာလွန်နေပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ၃ မှတ်ကွာဟမှုဟာ လာမယ့်ရက်သတ္တပတ်မှာ အပြောင်းအလဲများရှိလာနိုင်ပြီး ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ခြေစွမ်းတက်လာတဲ့ ဖရန့် လမ်းပတ်ရဲ့ အဲဗာတန်အသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။ထိုအချိန်မှာ လီဗာပူးလ်အသင်းကတော့ ချဲလ်ဆီးအသင်းနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

"ကျနော်တို့ မန်စီးတီး‌နောက်ကို မလိုက်ပါဘူး၊ ကျနော်တို့ရဲ့ ဘောလုံးပွဲစဉ်တွေကို အနိုင်ရဖို့ ကြိုးစားနေတာပါ" လို့ လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ် က ဆိုပါတယ်။

"ကျနော်တို့ တနင်္ဂနွေနေ့မှာ ဖလားဗိုလ်လုပွဲ ကစားရဖို့ရှိနေပြီး၊ မန်စီးတီး ဘယ်အသင်းနဲ့ကစားရမလဲဆိုတာ ကျနော်အတိအကျမသိပေမယ့် သူတို့အနိုင်ရဖို့ဖြစ်နိုင်သလို အမှတ်တွေစုဆောင်းနိုင်ပါတယ်၊ ဒီအချက်တွေကို ကျနော်တို့ ထည့်တွက်စရာမလိုပါဘူး၊ ကျနော်တို့ရဲ့ ဘောလုံးပွဲတွေကိုပဲ အနိုင်ရဖို့ လိုအပ်တာပါ" လို့ ကလော့ပ် က ဆက်ပြောပါတယ်။

မန်စီးတီးအသင်း နည်းပြကြီး ပက် ဂွာဒီယိုလာကတော့ လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းရဲ့ အီတီဟတ်ကွင်းကို လာရောက်ကစားရဦးမှာပါလို့ ပြောကြားခဲ့ပါသေးတယ်။

Linko
Ref - liverpoolecho
ဖေဖော်ဝါရီ - ၂၄