【 အားကစား 】 ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးဖို့ ခက်ခဲသွားပြီဟု တူချယ်လ် ဝန်ခံ

【 အားကစား 】 ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးဖို့ ခက်ခဲသွားပြီဟု တူချယ်လ် ဝန်ခံ

ဘရိုက်တန်အသင်းကို နောက်ကျချေပဂိုးပေးခဲ့ရပြီး သရေကျခဲ့တဲ့ ပွဲစဉ်ပြီးနောက်မှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြကြီး တူချယ်လ်မှ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုရရှိရန် ခက်ခဲသွားပြီဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူရဲ့ ဦးဆောင်ဂိုးနဲ့ ပွဲပြီးဆုံးကာနီး မိနစ် ၉၀ အထိ အနိုင် ၃ မှတ်ရရှိထားပေမယ့် ဘရိုက်တန် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက်ရဲ့ မိနစ် ၉၀+၁ မှာ သွင်းယူ‌ခဲ့တဲ့ နောက်ကျချေပဂိုးကြောင့် ပွဲအပြီးမှာတော့ ရမှတ် ၁ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံးက ဦးဆောင်သူ မန်စီးတီးအသင်းနဲ့ ၈ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။ချဲလ်ဆီးအသင်း နည်းပြကြီး သောမတ်စ် တူချယ်လ်ကတော့ ချဲလ်ဆီးအသင်း ရလဒ်တွေဆိုးရွားမှုတွေကြောင့် စိတ်ပျက်လျက်ရှိနေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ခက်ခဲသွားပြီဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

"ကျနော်တို့မှာ ကိုဗစ်ကူးစက်မှု ခုနစ်ခုဖြစ်ခဲ့ပြီး၊ ကစားသမား ငါးယောက် (သို့မဟုတ်) ၆ ယောက်ဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ်ခြောက်ပတ် ဒါမှဟုတ် အဲဒီထက်ပိုပြီး အနားယူနေရဖို့ရှိနေတယ်၊ ဒီလိုအကျပ်အတည်းကြားမှာ ဘယ်လိုမျိုး ပြိုင်ပွဲကို အနိုင်ရအောင် လုပ်နိုင်မလဲ" ဟု ချဲလ်ဆီးအသင်း နည်းပြကြီး တူချယ်လ်မှ ပြောကြားခဲ့ပါတယ်။

"ကစားသမားအင်အား အပြည့်အဝရှိနေတဲ့ အသင်းတွေကတော့ လေ့ကျင့်ရေးတွေ မပြတ်ပြုလုပ်ပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စွမ်းအားအပြည့်ရှိနေကြတယ်၊ ကျနော့ကစားသမားတွေထဲ အချို့က ကိုဗစ်က ပြန်ကောင်းလာကြတာ ဒဏ်ရာရတဲ့ ကစားသမားလည်းများနေပြီ၊ ကျနော်တို့ ရုန်းကန်ရမယ်ဆိုတာ ရှင်းနေတာပါပဲ" လို့ တူချယ်လ် က ဆက်ပြောပါတယ်။

ဘရိုက်တန်အသင်းနဲ့ သရေကျမှုအပေါ် ချဲလ်ဆီးအသင်း နည်းပြကြီး တူချယ်လ် က ကွင်းလယ်ဒိုင်ကိုလည်း အပြစ်တင်ခဲ့ပြီး "ပူလီဆစ် ကို ဖျက်ထုတ်မှုက ၁၀၀ ရာခိုင်နှုန်း ပင်နယ်တီပါ၊ ပြန်စစ်ဆေးဖို့ VAR ရှိတာပဲ၊ ဘာလို့မစစ်ဆေးလဲ ကျနော်မသိဘူး" ဟု ဝေဖန်ခဲ့ပါသေးတယ်။

ဘရိုက်တန်အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ ညာနောက်ခံကစားသမား ရိစ် ဂျိမ်းစ်ဟာလည်း ဒဏ်ရာထပ်ရခဲ့တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမား‌သစ်တွေ ထပ်မံအားဖြည့်ရတော့မှာဖြစ်ပါတယ်။

Linko
လန်ဒန်၊ ဒီဇင်ဘာ - ၃၀